Friday, July 31, 2015

ဆည်များ၏ ရေပိုလွှဲများမှ ရေလျှံ၍ စေတုတ္တရာ၊ ပွင့်ဖြူ၊ စကု၊ ငဖဲမြို့များနှင့် ယင်းမြို့နယ်များ အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ လူနှင့် တိရိစ္ဆာန်များ ရေဘေးလွတ်ရာ ကုန်းမြင့်များသို့ ပြောင်းရွှေ့နေရကြောင်း

Thu Ta Nay and 2 others shared Eleven Media Group's post. မှ ကူးယူဖော်ပြ့သည်။
 
 
 
 
 
 
 
 
 
 
 
 
 
 
မုန်းချောင်းနှင့် မန်းချောင်း ရေကြီး၍ ကျေးရွာပေါင်း ၅၀ ကျော်နှင့် မြို့နယ်လေးခုမှ လူနှင့်တိရိစ္ဆာန်များ ပြောင်းရွှေ့နေရ
ဇူလိုင် ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ထိ နေ့ညမပြတ် မိုးရက်ဆက် ရွာသွန်းကာ မကွေးတိုင်းအတွင်း မုန်းချောင်းနှင့် မန်းချောင်း ရေကြီးမှုကြောင့် ထိုချောင်းများပေါ်ရှိ ဆည်များ၏ ရေပိုလွှဲများမှ ရေလျှံ၍ စေတုတ္တရာ၊ ပွင့်ဖြူ၊ စကု၊ ငဖဲမြို့များနှင့် ယင်းမြို့နယ်များ အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ လူနှင့် တိရိစ္ဆာန်များ ရေဘေးလွတ်ရာ ကုန်းမြင့်များသို့ ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ချင်းတောင်ကြောများတွင် မိုးရေချိန် ၈ လက်မကျော်အထိ ရွာသွန်းခဲ့သော ရေများကြောင့် ဇူလိုင် ၂၈ ရက်နေ့မှစ၍ မုန်းချောင်းအထက်ဘက် စေတုတ္တရာမြို့အနီး တည်ဆောက်ထားသော မုန်းရေလှောင်တမံ၏ ရေပိုလွှဲအမြင့်ထက် ကျော်၍ ရေများ လျှံကျခဲ့ကြောင်း ယင်းသို့ လျှံကျမှုကြောင့် မုန်းတမံနှင့် ထိုတမံ၏ အောက်ဘက် ကြီးအုံကြီးဝဆည်အကြား မုန်းချောင်းဘေးဝဲယာရှိ သီးနှံစိုက်ခင်း ဧကထောင်နှင့်ချီ ရေ၀င်နစ်မြုပ်ခဲ့ကြောင်း ဇူလိုင် ၂၉ ရက်နေ့ညမှစ၍ စေတုတ္တရာမြို့ပေါ်မှ လူများသည် ကုန်းမြင့်ပိုင်းများသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဇူလိုင် ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစ၍ ယင်းမြို့သို့ သွားရောက်ရာ ကားလမ်းများတွင် တောင်ကျချောင်းရေများဖြင့် ဖြတ်သန်းမရတော့ကြောင်း ထို့နောက် ဖုန်းလိုင်းများလည်း လုံးဝပြတ်တောက် သွားခဲ့ကြောင်း ဇူလိုင် ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မုန်းချောင်းအောက်ဘက်ရှိ ပွင့်ဖြူမြို့နှင့် ချောင်းဘေးဝဲယာရှိ ကျေးရွာများသို့ ချောင်းရေများ ၀င်ရောက်လာမှုကြောင့် လူနှင့် တိရိစ္ဆာန်များ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ရခိုင်ရိုးမ၏ အရှေ့ဖျားဆုံး တောင်ကြောများမှ ကျဆင်းလာသည့် ရေများကြောင့် မန်းချောင်းအထက်ဘက်ရှိ မန်းရေလှောင်တမံ၏ ရေပိုလွှဲအမြင့်ထက် ကျော်၍ ရေလျှံကျခဲ့ကြောင်း ထိုရေများကြောင့် ငဖဲမြို့နှင့် ကျေးရွာသုံးရွာသို့ ချိတ်ဆက်သော တံတားသုံးစင်း ကျိုးခဲ့ကြောင်း ဇူလိုင် ၃၀ ရက်နေ့အထိ မန်းချောင်းရေ လျော့ကျမသွားသောကြောင့် ငဖဲမြို့နယ်အတွင်း နေအိမ်များ ရေ၀င်ရောက်၍ ပြောင်းရွှေ့ရသူ ပိုမိုများပြားလာကြောင်း မန်းချောင်းနံဘေးရှိ ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ ဓမ္မာရုံပေါ်သို့ ငါးရက်ဆက်တိုက် ရေလွှမ်းလျက်ရှိပြီး မန်းချောင်းဘေးဝဲယာရှိ သီးနှံစိုက်ခင်း ဧက ၃၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း မန်းချောင်းရေလျှံ ၀င်ရောက်မှုကြောင့် စကုမြို့ မန်းကျင်းရပ်နှင့် ဥယျာဉ်ဇဉ်ကျေးရွာမှ လူနေအိမ် ၂၀၀ ကျော် ငါးရက်ဆက် ရေ၀င်ရောက်လျက်ရှိကြောင်း ထိုသို့ ရေ၀င်ရောက်မှုကြောင့် ရေဘေးသင့်သူများသည် သောက်သုံးရေနှင့် အစားအသောက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“စေတုတ္တရာမြို့က မုန်းတမံနဲ့ တစ်မိုင်လောက်ပဲဝေးပြီး မြို့က အနိမ့်ပိုင်းမှာ ဖြစ်နေတော့ လူတွေက မနေရဲတော့ပဲ ဇူလိုင် ၂၉ ရက် ညပိုင်းကတည်းက ကုန်းမြင့်နေရာတွေဆီ ပြောင်းနေကြရပါတယ်။ မုန်းတမံ ရေ၀ပ်ဧရိယာထဲမှာပါလို့ တောင်ကုန်းတွေပေါ် ပြောင်းရွှေ့ခဲ့ရတဲ့ ကျေးရွာပေါင်း ၂၀ ကျော်လောက်ကလည်း ရေပတ်လည်ဝိုင်းပြီး သွားလာရေးတွေ ပြတ်တောက်ကုန်ပါပြီ။ စေတုတ္တရာမြို့ကို သွားဖို့လည်း တောင်ကျချောင်းတွေကို ဖြတ်ရမှာမို့ သွားလို့ မရတော့ပါဘူး။ ဖုန်းလည်း ဆက်သွယ်မရတော့ဘူး ဆိုတော့ ဒေသခံတွေက အစစအရာရာ ခက်ခဲနေတော့မှာပါ ကမန်တော်တို့ တောင်ပေါ်ကို အကူအညီတွေပေးဖို့ သွားချင်တာတောင် သွားလာဖို့ အခက်အခဲတွေ ရှိနေပါတယ်” ဟု မကွေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောသည်။
စေတုတ္တရာမြို့မှ မကွေးသို့ ဇူလိုင် ၂၉ ရက်နေ့ညက ပြောင်းလာသူတစ်ဦးက “မြို့ကို ရေတွေက ၀ိုင်းနေပြီ။ လမ်းမတွေနားအထိ ရေကလည်း ရောက်နေပါပြီ။ မြို့အ၀င်က တံတားကို ရေမြုပ်တာနဲ့ မြို့က ဘယ်မှ သွားလာရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ညတွင်းချင်း ဆင်းပြေးလာတာပါ” ဟု ဆိုသည်။
မကွေးတိုင်း ဆည်မြောင်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက “ဆည်တွေမှာ ရေလျှံတယ်ဆိုတာ ရေပိုလွှဲရှိတဲ့ နေရာအထိ ရေတက်သွားလို့ ရေပိုလွှဲကနေ မူလချောင်းထဲကို ရေကျတာပါ။ ဆည်ကြီးတွေ ကျိုးပေါက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ဋ္ဌာန ရုံးချုပ်က ညွှန်မှူးကိုယ်တိုင် မုန်းတမံမှာ ရောက်နေပါတယ်။ တိုင်းက ဒုညွှန်မှူးကိုယ်တိုင်လည်း မုန်းတမံမှာ နေ့ရောညပါ ရှိနေပါတယ်။ အရေးကြီးတဲ့ ဆည်တွေ၊ တမံတွေ၊ ရေလွှဲပေါက်တွေမှာ ရေကင်းတွေချထားပြီး ရေအတက်အကျကို တစ်နာရီခြားတစ်ခါ သတင်းပို့ခိုင်းထားပါတယ်” ဟု ပြောသည်။
၂၀၁၁ ခုနှစ် အိုတူးဘီ မုန်တိုင်းဝင်ရောက်စဉ်က မုန်းတမံ၏ ရေလှောင်နိုင်မှု ပမာဏအထက် ပေ ၂၀ ကျော် ရေရောက်ခဲ့ဖူးကြောင်း ဇူလိုင် ၂၉ ရက်နေ့က မုန်းတမံ၏ ရေလှောင်ပမာဏအထက် ၂၂ ပေကျော် ရောက်ရှိနေကြောင်း မုန်းတမံ၏ အောက်ဘက် ကြီးအုံကြီးဝတမံတွင် ရေလှောင်နိုင်သည့် ပမာဏအထက် ၁၄ ပေကျော် ရောက်ရှိနေကြာင်း မန်းတမံတွင်လည်း ရေလှောင်နိုင်သည့် ပမာဏအထက် ၄ ပေကျော် ရောက်ရှိနေကြောင်း အဆိုပါဋ္ဌာနမှ သိရသည်။
ယင်းသို့ ရေဘေးရှောင်နေရသူများအတွက် မကွေးတိုင်းအတွင်း အခြားမြို့နယ်များမှ နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များက ရေသန့်နှင့် အစားအစာများ သွားရောက်လှူဒါန်းပေးနေကြောင်း စကုမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ငါးရက်ဆက်တိုက် ရေ၀င်ထားသောကြောင့် ကျန်းမာရေး ထိခိုက်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
http://goo.gl/xu6gJn

0 comments:

Post a Comment