မကွေးတိုင်းဒေသကြီး၊
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအားလုံးရှိ
ကျောင်းမုန့်ဈေးတန်းမှ မုန့်ဆိုင်များအား မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာကွယ်ရေးအသင်း(တောင်တွင်းကြီး)
နှင့် မုန့် တိုက်ပွဲ လှုပ်ရှားမှုအဖွဲ့များပူးပေါင်း၍ ဇွန်လဒုတိယအပတ်မှစတင်ကာ
ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်မရှိသည့်
အစားအစာများ၊အချိုရည်ဗူးများနှင့် FDA မှ တရားဝင်ပိတ်ပင်ထားသော
မုန့်ပဲသွားရည်စာများ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချခြင်းများလုံးဝမပြုရန်
စစ်ဆေးခြင်း၊ သတိပေးခြင်း၊ တရားဝင်ရောင်းချခွင့်မပြုသော မုန့်အမည်စာရင်းပါ
ကဒ်ပြားများကပ်ပေးခြင်းတို့ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာကွယ်ရေးအသင်း(တောင်တွင်းကြီး)
မှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။
ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အချို့သောမုန့်များသည်
ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော အန္တရာယ်ရှိမုန့်များဖြစ်နေသောကြောင့်
ကျောင်းသူ၊ ကျောင်းသားများ၏ ကျန်းမာရေးထိခိုက်မှုများကြုံတွေ့ရမည်ကို
အထူးစိုးရိမ်မိ၍ ၂၀၁၄ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာအလယ်တန်းကျောင်းခွဲတစ်ခုတွင်
ကျန်းမာရေးနှင့်ညီညွတ်သော မြန်မာ့ရိုးရာ မြန်မာမုန့်များအား သန့်ရှင်းလတ်ဆက်စွာ
ရောင်းချပေးနိုင်ရန် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မုန့် တိုက်ပွဲ လှုပ်ရှာမှုအဖွဲ့မှ
ဦးဆောင်သူတစ်ဦးမှဆိုသည်။
" ပြီးခဲ့တဲ့ ၂၀၁၄ ပညာသင်နှစ်မှာ မြို့မ အလယ်တန်းကျောင်းခွဲက
မုန့်ဆိုင်နှစ်ဆိုင်ကို အလူမီနီယံမှန်ကောင်တာများနဲ့
မြန်မာမုန့်တွေရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း အ ထ က ကျောင်းတွေမှာ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ မြန်မာ့ရိုးရာမုန့်များ ရောင်းချပေးနိုင်ဖို့
ကျွန်တော်တို့အဖွဲ့က ကူညီဆောင်ရွက်သွားမှာပါ " ဟု မုန့် တိုက်ပွဲ
အဖွဲ့ဦးဆောင်သူတစ်ဦးမှပြောသည်။
တရုတ်နိုင်ငံအပါအ၀င် ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်နေသော
အချို့သောမုန့်များသည် မည်သည့်အဟာရဓါတ်မှမ၀ါဝင်ဘဲ၊ စားသုံးမိသောကလေးငယ်များ၏
ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်စေနိုင်သောကြောင့် နိုင်ငံတော်အစိုးရမှ
တရားမ၀င်ကန့်သတ်ကုန်ပစ္စည်းများအဖြစ် တားမြစ်ပိတ်ပင်ထားသော်လည်း
မြန်မာနိုင်ငံ၏ မုန့်ဈေးကွက်များတွင် ရောင်းချနေဆဲဖြစ်ကြောင်းသိရသည်။
အသားတုကဲ့သို့သောမုန့်များ၊ အစပ်ချောင်း အစပ်ပြားများ၊ ဓါတုဆိုးဆေးနှင့်
အနံ့တုများအသုံးပြုထားသော ရေခဲချောင်း၊ ရေခဲမုန့်နှင့် အချိုရည်မျိုးစုံ၊
ထုတ်လုပ်ရက် ကုန်ဆုံးရက်နှင့် ပါဝင်ပစ္စည်းများဖော်ပြထားခြင်းမရှိသောအချဉ်ထုပ်အမျိုးမျိုးတို့အား
ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချခြင်းများမပြုရန် အသိပညာပေးခြင်းများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အေကေကေ (တောင်တွင်း )
0 comments:
Post a Comment