Tuesday, June 30, 2015

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းနေမှုများ ရက်အကန့်အသတ်မရှိ ပြင်ဆင်ခွင့်ပြုမည်


လာမည့်ရွေးကောက်ပွဲအတွက် မှန်ကန်သည့် မဲစာရင်းများ ရရှိနိုင်ရန် မဲစာရင်း ပြင်ဆင် ဖြည့်စွက်ခြင်းများကို ရပ်ကွက်၊ ကျေးရွာရုံးများတွင် ရက်အကန့်အသတ်မရှိ ပြင်ဆင်ဖြည့်စွက်ခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

ယခင်က အခြေခံမဲစာရင်း ကပ်ကြေညာထားသည့် ၁၄ ရက် အတွင်း မဲစာရင်းပြင်ဆင်ရန် သတ်မှတ်ထားသော်လည်း ယခုအခါ ရက်အကန့်အသတ်မရှိ စစ်ဆေးပြင်ဆင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်က ပြောသည်။
‘‘အခု တော်တော်များများ ဂျာနယ်တို့၊ ဘာတို့မှာ ပြောနေတာက သူတို့သွားကြည့်တယ်။ သွားကြည့်တဲ့အခါကျတော့ မရှိတော့ဘူး။ ကပ်မထားဘူးဆိုတာမျိုးရှိတော့ အခု ပြန်ကပ်ပေးပါ။ ပြန်ပြပေးပါ။ ကြည့်ချင်တယ်ဆို ပြပါ၊ ကန့်ကွက်လွှာ၊ တောင်းဆိုလွှာ၊ ပြင်ဆင်လွှာတွေရှိရင် ပြန်လက်ခံပေးပါဆိုပြီး ကျွန်တော်တို့က ထပ်ထုတ်လိုက်တယ်။ အဲဒီမှာ ဆက်လက်ပြီး ဆောင်ရွက်ဖို့ ရ သွားပြီ’’ ဟု ဦးသောင်းလှိုင်က ပြောသည်။
မဲစာရင်းများ ပြင်ဆင်ဖြည့်စွက်နိုင်မည့်ရက်ကို ကန့်သတ်ထားခြင်းမရှိဘဲ နောက်တစ်ကြိမ် မဲစာရင်းများ ထပ်မံ မကြေညာမီအထိ ခွင့်ပြုပေးထားမည်ဟု ဆိုသည်။ ထို့အတူ သတ်မှတ်ရက် ကျော်လွန်သော်လည်း အခြေခံ မဲစာရင်းကို ထပ်မံ ကြည့်ရှုခွင့်ပြု မည်ဖြစ်ပြီး တင်သွင်းလာသော တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများကို ရပ်ကွက် ကျေးရွာကော်မရှင် အဖွဲ့ခွဲများမှ ထပ်မံခွင့်ပြုရန် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်မှစတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်များထံ ထပ်ဆင့်ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
‘‘ရုံးတွေမှာ မဲစာရင်းစာရွက်တွေရှိတယ်။ တချို့ကျဉ်းတဲ့ ရုံးတွေမှာတော့ ဖိုင်တွဲထားရတယ်။ မဲစာရင်းတွေကို လာကြည့်ပြီးတော့ ပြင်ဆင်နိုင်ပါတယ်။ တချို့က ထပ်ခွင့်ပြုထားတယ်ဆိုတာ သိပ်မသိကြသေးဘူး။ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဒီကိစ္စကို ကျွန်တော်တို့က ပြောပြပေးနေတယ်’’ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
မဲစာရင်းများစစ်ဆေးကြည့်ရှုရန် လူထုစိတ်ဝင်စားမှု နည်းပါးနေခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယခုကဲ့သို့ ခွင့်ပြုသည့်အပေါ် ကြိုဆို ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက် တိုင်းဒေသကြီး တာဝန်ခံ ဦးညီညီကျော်က ပြောသည်။ ဇွန်လ ၈ မှ ၂၁ ရက်အထိ မန္တလေးတိုင်းဒေသကြီးရှိ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်နှင့် မြင်းခြံခရိုင်တွင် အခြေခံမဲစာရင်းများ ကြေညာခဲ့ရာ မဲဆန္ဒရှင် ဦးရေ ၂၆ သိန်းကျော်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ခြောက်သိန်းခန့်သာရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။

0 comments:

Post a Comment