Monday, June 1, 2015

ပွင့်ဖြူမြို့နယ်၌ ကိုယ့်အားကိုယ်ကိုး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲရုံးခန်း ဖွင့်ပွဲနှင့်ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ




ပွင့်ဖြူ     မေ     ၃၁
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု လယ်ကိုင်းကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းခွဲ ရုံးခန်းဖွင့်ပွဲနှင့်ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အသင်းခွဲရုံးရှေ့၌ကျင်းပရာ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စန်းစန်းမြင့်၊ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်သင်းသင်းထွေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲရုံး အနီး ဓမ္မာရုံပေါ်တွင် တိုင်းဒေသကြီး မိခင် နှင့်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စန်းစန်းမြင့်၊တိုင်းဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်သင်းသင်းထွေး ၊ခရိုင် မိခင်နှင့် ကလေး ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းသူဇာမြင့်၊မြို့နယ် မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဌ နှင့်အဖွဲ့ဝင်များက သက်ကြီးဘိုးဘွားများဖြစ်သည့် အသက်(၁၀၂)နှစ်တစ်ဦးနှင့် အသက်(၉၀)ကျော် (၁၀)ဦးတို့အား အဟာရအစားအစာများ၊ဆေးဝါးပစ္စည်းများနှင့်ဘိုးဘွားတစ်ဦးလျင် ငွေ ကျပ်(၁၂၅၀၀)ကျပ် ကို ပေးအပ်လှူဒါန်းခဲ့သည်။

အခမ်းအနားကို ဆက်လက်ကျင်းပရာ မိခင်နှင့်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စန်းစန်းမြင့်မှအဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်မှကျန်းမာရေးအသိပညာပေး သိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့သည်။၎င်းနောက် ကြီးကြပ်ရေးအဖွဲ့ နာယကကြီးမှကိုယ်ဝန်ဆောင်မိခင်(၁၅)ဦးအတွက် အဟာရပစ္စည်းနှင့်ဆေးဝါးများ၊ ကျောင်းနေအရွယ်ကလေးသူငယ်များအား ထောက်ပံ့ငွေနှင့် ကိုယ့်အားကိုယ်ကိုး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းခွဲရုံးတွင်အသုံးပြုရန်ဆေးဝါးများကို ပေးအပ်ခဲ့သည်။

အဆိုပါ အဆောက်အဦးမှာ မင်းဘူး-ပွင့်ဖြူကားလမ်းမကြီးတောင်ဘက် လယ်ကိုင်းကျေးရွာ ဈေးဟောင်းရပ်ကွက် ကျေးရွာပိုင်မြေကွက်ပေါ်တွင် အလျှား၂၅ ပေ အနံ ၁၇ ပေ အာစီအမျိုးအစား တစ်ထပ် မျက်နှာကျက်ပါ သွပ်မိုးအုတ်ကာ သံပန်းတံခါးများဖြင့် ငွေကျပ်(၇၅)သိန်း ကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးကုန်ကျငွေကို ကိုယ့်အားကိုယ်ကိုးအသင်းသား (၂၅)ဦးနှင့် ကျစ်လက်ခိုင်မာသော ရံပုံငွေရှာဖွေရေးဖွဲ့စည်းဆောင်ရွက်ကာ (၂၁)နှစ်အတွင်း ကြိုးပန်းဆောင်ရွက်မှုဖြင့် ကိုယ်အားကိုယ်ကိုးအသင်းခွဲရုံးကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment