Saturday, May 16, 2015

တောင်တွင်းကြီးမြို့ရှိ အခမဲ့ပညာဒါနကျောင်းနှင့် ပရဟိတဂေဟာတစ်ခုသို့ One More အဖွဲ့မှ အလှူငွေများ လာရောက်လှူဒါန်း

မြန်မာနိုင်ငံအတွင်းရှိ စေတနာရှင်ပြည်သူများ၏ လစဉ်တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်းဖြင့်စုပေါင်း၍ ပညာရေး ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လိုအပ်လျှက်ရှိသော ပြည်နယ်နှင့် တိုင်းအသီးသီးသို့ လစဉ်လှူဒါန်းပေးနေသည့် One More အဖွဲ့သည် မေလ ၁၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ အခမဲ့ပညာဒါနကျောင်းတစ်ခုနှင့် ပရဟိတဂေဟာတစ်ခုသို့ အလှူငွေများလာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

တောင်တွင်းကြီးမြို့ပေါ်ရှိ ရတနာခွန်နှစ်ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော ရတနာတောရဗိမာန်ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားပြီး အလယ်တန်းနှင့် အထက်တန်းပညာရပ်များကို အခမဲ့သင်ကြားပေးနေသော ချမ်းမြေ့ဗိမာန်ပညာဒါနကျောင်းသို့ ဧပြီလတွင်စုပေါင်းလှူဒါန်းထားသည့် အလှူငွေများမှ ပညာရေးရံပုံငွေအဖြစ် ကျပ်သိန်းနှစ်ဆယ်အား မေလ ၁၃ ရက်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က One More အဖွဲ့မှတာဝန်ရှိသူများနှင့် တောင်တွင်းကြီးမြို့ပေါ်မှ ပရဟိတစိတ်ပါဝင်စားသူများသွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ One More အဖွဲ့သည် မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်၌လည်း တောင်တွင်းကြီးမြို့နယ် ပန်းသွင်းကြီးကျေးရွာအုပ်စု ချောက်ကြားကျေးရွာရှိ ချောက်ကြားပရဟိတဂေဟာသို့ မတ်လတွင် လှူဒါန်းထားသော အလှူငွေများမှ သိန်း(၂၀)ကျပ်အား ထပ်မံလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
One More အဖွဲ့၏လှူဒါန်းမှုများသည် အမှန်တကယ်အကျိုးရှိမည့်နေရာများအား သုံးနှစ်တာအချိန်အတွင်း လှူဒါန်းမှုပြုခဲ့သည်မှာ နေရာပေါင်း ၁၈၀ ကျော်ခန့်ရှိခဲ့ပြီဖြစ်ပြီး လှူဒါန်းမှုငွေအားဖြင့် ကျပ်သိန်းငါးထောင်ဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်အတွင်း မီးလောင်ပေါက်ကွဲမှုအား မီးငြိမ်းသတ်ရင်းဖြင့် အသက်ပေးလှူခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များအား တစ်ဦးလျှင်ငါးသိန်းကျပ်နှင့် ဒါဏ်ရာရမီးသတ်တပ်ဖွဲ့ဝင်အျားအား တစ်ဦးလျှင်သုံးသိန်းကျပ် ကူညီပေးနိုင်ခဲ့ပြီး ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘိုကျေးရွာရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတစ်ကျောင်းအား သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတစ်တွင်း တူးဖော်ပေးနိုင်ခဲ့ကြောင်း One More အဖွဲ့မှ လိုက်ပါဆောင်ရွက်နေသူ ဦးမျိုးညွန့်(ပန်းရဲ့လမ်း)မှဆိုသည်။
"
စာရေးဆရာမောင်သာချို၊ ဆရာအော်ပီကျယ်တို့က တစ်လကို တစ်ယောက်တစ်ထောင်နှုန်းစုပြီး အမှန်တကယ်အကျိုးဖြစ်မယ့်နေရာတွေကို လှူဒါန်းပေးချင်တယ်ဆိုတဲ့အတွေး စတင်စဉ်းစားမိပြီး ခေတ်ရနံ့မဂ္ဂဇင်းအယ်ဒီတာ ဆရာပြည်သိမ်းနိုင်ရယ် ကိုမောင်မောင်စိုးတို့က စိတ်တူကိုယ်တူ ဦးဆောင်ပါဝင်မှုနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့တာပါ" ဟု
One More အဖွဲ့အား စတင်ဖွဲ့စည်းခြင်းနှင့်ပတ်သတ်ပြီး အသင်းနှင့်အတူလိုက်ပါဆောင်ရွက်ပေးနေသော ဦးမျိုးညွန့်(ပန်းရဲ့လမ်း)မှဆိုသည်။

နိုင်ငံတော်အစိုးရမှ ကူညီဖြည့်ဆည်းပေးခြင်းမရှိသည့် ကိုယ်ထူကိုယ်ထ ဖွဲ့စည်းတည်ထောင်ထားသော ဆင်းရဲ့ချို့တဲ့သည့်အဖွဲ့များအားအဓိကကူညီပေးနေကြောင်းနှင့် ရေဘေး၊ မီးဘေး၊ ငလျှင်ဘေးအန္တရာယ်ဖြစ်ပေါ်သောအရပ်ဒေသများသို့ ပထမဦးစားပေးအနေဖြင့် ကူညီပေးမည်ဖြစ်ပြီး ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ၏ ပညာရေးအသုံးစရိတ်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များအား လစဉ်ကူညီလှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အေကေကေ(တောင်တွင်း)

0 comments:

Post a Comment