
၂၀၁၅ ခုနှစ် မေလ ၂၅
ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးရှိအခြေခံပညာကျောင်းများအားလုံး
ကျောင်းအပ်လက်ခံခြင်းများ လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းသိရသည်။
ယခုနှစ်ကျောင်းအပ်နှံချိန်တွင် သူငယ်တန်းမှ ဒဿမတန်းအထိ
အခမဲ့ပညာရေးစနစ်ဖြစ်သည့်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ
ပေးရန်မလိုကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာမှုအရသိရသည်။
ကျောင်းအပ်နှံသောအခါတွင်လည်း အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များအပါအ၀င်
ပညာရေးဝန်ထမ်းများမှ အပိုငွေကြေးကောက်ခံခြင်းများမပြုလုပ်ရန်နှင့်
ကောက်ခံခြင်းများရှိပါကလည်း တိကျစွာတိုင်ကြားစေလိုကြောင်း မကွေးတိုင်းဒေသကြီး
တိုင်းပညာရေးရုံးမှတာဝန်ရှိသူတစ်ဦးမှဆိုသည်။
ယခုနှစ်ပညာသင်နှစ်တွင် မူလတန်းပညာရေး၌ မူလတန်းအခြေခံပညာကျောင်းများတွင်
သင်ကြားပေးမည့်ဆရာအင်အားမလုံလောက်မှု၊ စာသင်ဆောင်မလုံလောက်မှုများကြောင့်
သူငယ်တန်းကျောင်းအပ်နှံမည့်မိဘများ အခက်အခဲအချို့နှင့် တွေ့ကြုံရကြောင်း
တောင်တွင်းကြီးမြို့၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲတွင်
သမီးငယ်တစ်ဦးအားကျောင်းအပ်နှံသောကျောင်းသားမိဘတစ်ဦးမှဆိုသည်။
ကျောင်းအပ်နှံရာတွင်တွေ့ကြုံရသောအခက်အခဲ၊ ပညာသင်ကြားရာတွင် အတန်းပိုင်ဆရာ၊
ဆရာမများထံ၌ ပညာသင်ယူခများစွာပေးပြီး သင်ယူနေရသောကျူရှင်သင်ကြားမှုများအား
ကျေနပ်မှုမရှိပါက တိုင်ကြားသူ၏အမည်၊ လိပ်စာအပြည့်အစုံ၊ မှတ်ပုံတင်နံပါတ်၊
တိုင်ကြားသူ၏ကိုယ်ရေးအချက်အလက်အပြည့်အစုံဖြင့် တိုင်ကြားရမည်ဖြစ်သောကြောင့်
တိုင်ကြားလိုသောကျောင်းသားမိဘများမှာ မိမိတို့သားသမီးများ၏ ပညာရေးကိုငဲ့ပြီး
တိုင်ကြားနိုင်မည်မဟုတ်ကြောင်း တောင်တွင်းကြီးမြို့၊ အ ထ က (၁) မှ၊
န၀မတန်းကျောင်းသားတစ်ဦး၏ မိဘတစ်ဦးမှ မြေလတ်မီဒီယာသို့ပြောသည်။
ယခုနှစ်ပညာသင်နှစ်တွင် မူလတန်းမှစ၍ အထက်တန်းပညာသင်အဆင့်အထိ
အခဲ့ပညာရေးစနစ်ပြုလုပ်ထားပြီး မူလတန်း ကျောင်းသူ၊ကျောင်းသားများအား ကျောင်းဝတ်စုံတစ်စုံစီအပြင်
သင်ရိုးညွှန်းတန်းစာအုပ်တစ်စုံနှင့် ကျောင်းသုံးဗလာစာအုပ် ၆
အုပ်စီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ
ထုတ်ပြန်ထားကြောင်းသိရသည်။
အေကေကေ(တောင်တွင်း)
0 comments:
Post a Comment