Thursday, May 21, 2015

စန္ဒာ-သူရိယ ကျန်းမာ ပညာကူညီရေးအသင်း(တောင်တွင်းကြီးမြို့)မှ သွေးလွန်တုတ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုများပြုလုပ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ဧရိယာအတွင်း၌ ဖြတ်သန်းစီးဆင်းနေသော မြို့ခံပြည်သူများအခေါ် စက်စက်ယိုချောင်းအတွင်းရှိအမှိုက်များအား မိုးဥတုမ၀င်ရောက်မီ(ချောင်းအတွင်းရေမ၀င်မီ) ချောင်းအတွင်းရှိ အမှိုက်သရိုက်များ၊ သစ်ပင်သစ်ကိုင်းခြောက်များနှင့် ကြွပ်ကြွပ်အိတ်အမှိုက်များရှင်းလင်းခြင်းအား မေလ ၁၉ ရက် အင်္ဂါနေ့ ညနေ ၃ နာရီခွဲဝန်းကျင်ခန့်မှစ၍ ရွှေမော်ဓေါဘုရားလမ်းနှင့် ပြည်လမ်းမကြီးဆုံရာ တံတားအနီးမှစတင်ပြီး စန္ဒာ-သူရိယ ကျန်းမာ ပညာကူညီရေးအသင်း(တောင်တွင်းကြီး)မှ ဦးဆောင်၍ ချောင်းအနီးဝန်းကျင်ရှိပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးနေကြောင်းသိရသည်။
သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေး၊ ၀မ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး၊ မြို့နယ်သန့်ရှင်းသာယာရေးနှင့် မိုးရာသီတွင်ဖြစ်ပေါ်လေ့ရှိသော မြို့ပေါ်ရပ်ကွက်များသို့ ရေလွှမ်းခြင်းမှကင်းဝေးနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ချောင်းတစ်ခုလုံးအား နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း စန္ဒာ-သူရိယ ကျန်းမာ ပညာကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးမှဆိုသည်။
''
အခု မေလအတွင်းမှာပဲ သွေးလွန်တုတ်ကွေးဖြစ်တဲ့ ကလေးတွေ တောင်တွင်းကြီးဆေးရုံကို စတင်ရောက်လာပါပြီ၊ သေဆုံးတဲ့ကလေးတွေလည်းရှိနေပါတယ်၊ ရှေ့လာမယ့်လဆိုရင် မိုးဦးကျတော့မယ် ၀မ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်လာမှာကိုစိုးရိမ်နေမိတယ်၊ ဒီချောင်းက အရင်ထက်ချောင်းဧရိယာကျဉ်းလာသလို တိမ်ကောလာတဲ့အတွက် နှစ်စဉ်ရေလျှံမှုတွေလည်း ကြုံတွေ့နေရလို့ မိုးဦးမကျမီ ချောင်းထဲကအမှိုက်သရိုက်နဲ့ ရေဆိုးရေညစ်တွေကို ကျွန်တော်တို့အဖွဲ့ရဲ့ တတ်နိုင်တဲ့အင်အား၊ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ ချောင်းသန့်ရှင်းရေးကို နေ့စဉ်နီးပါး ပြုလုပ်ပေးနေမှာပါ''ဟု အသင်းနှင့်အတူလိုက်ပါဆောင်ရွက်နေသော ဒေါက်တာ ကျော်ဆွေ(သွားနှင့်ခံတွင်း)မှဆိုသည်။
ထိုသို့ချောင်းရိုးတစ်လျှောက်သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်နှင့်အတူ အမှိုက်သိမ်းလုပ်သားများက ပါဝင်ကူညီပေးခဲ့ကြောင်းလည်းသိရသည်။
''
မြို့နယ်စည်ပင်သာယာအဖွဲ့က အမှိုက်သယ်ယာဉ်တစ်စီးကူညီပေးပါတယ် သန့်ရှင်းရေးဝန်ထမ်းတွေကိုတော့ နေ့တွက်ခငွေကို ကျွန်တော်တို့အသင်းက ပြန်လည်ပံ့ပိုးကူညီပေးနေပါတယ်'ဟု အသင်းဝင်တစ်ဦးမှပြောသည်။
မြို့နယ်သန့်ရှင်းသာယာရေးနှင့် မြို့နယ်အတွင်းမှပြည်သူများ ကျန်းမာရေးအန္တရာယ်မှကင်းဝေးစေရန်အတွက် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လူမှုရေးပရဟိတအဖွဲ့များနှင့် စိတ်ပါဝင်စားသူမည်သူမဆို လာရောက်ကူညီပေးနိုင်ရန် အကူအညီတောင်းခံလျှက်ရှိကြောင်းသိရသည်။
အေကေကေ(တောင်တွင်း)

0 comments:

Post a Comment