Saturday, May 16, 2015

လယ်ရီဂျေဂင်ပြောတဲ့ တပ်မတော်ထိပ်ပိုင်း အပြောင်းအလဲ

BREAKING NEWS:
လယ်ရီဂျေဂင်ပြောတဲ့ တပ်မတော်ထိပ်ပိုင်း အပြောင်းအလဲ
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် နှစ်လအတွင်း (ဇူလိုင်) အငြိမ်းစားယူဖို့ရှိပြီး သူ့နေရာမှာတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တာဝန်ယူဖို့ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာကြီး လယ်ရီဂျေဂင်က ဆိုပါတယ်။
အငြိမ်းစားယူဖို့ တရားဝင်အမိန့်က မေလဆန်းကတည်းက လက်မှတ်ထိုးထားပြီးဖြစ်တဲ့အကြောင်း၊ အငြိမ်းစားယူပြီးတဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လာမယ့် ရွေးကောက်ပွဲအပြီး သမ္မတရွေးချယ်မှုမှာ ပါဝင်နိုင်ဖို့အတွက် ကြံ့ခိုင်ရေးပါတီကိုဝင်ရောက်တာထက် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ဖို့များတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာရဲ့ မေလ ၁၆ရက်နေ့က Army Set for Top Brass Shift before Polls ဆိုတဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနှစ်အတွင်းမှာ ပင်စင်သက် (၆ဝ)ပြည့်ပြီး အငြိမ်းစားယူမယ်လို့ ခန့်မှန်းမှုတွေထွက်ခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်က သူဟာ လာမယ့်နှစ် (၂ဝ၁၆)ကျမှ အငြိမ်းစားဖြစ်မှာလို့ တုံ့ပြန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကျန်းမာရေးကြောင့် အငြိမ်းစားယူရမှာပါလို့ သတင်းရပ်ကွက်တစ်ချို့ကို ကိုးကားပြီး လယ်ရီဂျေဂင်က ဆိုပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ လာမယ့် ဇူလိုင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ရင် ဒုတိယကာကွယ်ရေးဦးစီးချုပ်အတွက် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကိုခန့်အပ်မလား၊ ဒါမှမဟုတ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့နီးစပ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို ခန့်အပ်မလားဆိုတာကတော့ ခန့်မှန်းရခက်ဆဲပဲရှိနေတယ်လို့ ဆောင်းပါးက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝတုန်းက ပျော့ပြောင်းမှုရှိသူ၊ ရိုးသားတဲ့ တပ်မတော်သားတစ်ယောက်ဖြစ်တယ်လို့ ကချင်တိုင်းရင်းသားအချို့က ရှုမြင်ကြပေမယ့် တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးနဲ့ NDF ပါတီခေါင်းဆောင်ကတော့ လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် ပိုပြီးသဘောထားတင်းမာသူဖြစ်ဖို့များတယ်လို့ ဆိုတဲ့အကြောင်း လယ်ရီဂျေဂင်က ရေးပါတယ်။

0 comments:

Post a Comment