Thursday, April 30, 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျရှုံးကျောင်းသားများ ပြန်လည်ဖြေဆိုရမည့် ကုစားစာမေးပွဲများက ကျောင်းသားများအား တကယ်ပင်ကုစားနိုင်ပါ့မလာ့း့ 

၂၀၁၄-၂၀၁၅ ပညာသင်နှစ်  စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစိုးရစစ်စာမေးပွဲများ၌ ၀င်ရောက်ဖြေဆိုပြီး ကျရှုံးသော ကျောင်းသား၊ ကျောင်းသူများအား မေလ ၁၄ ရက်မှ ၁၆ ရက်အထိ တစ်ရက်လျှင်နှစ်ဘာသာနှုန်းဖြင့် ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။

သို့သော် မူလဖြေဆိုသောစာမေးပွဲတွင် ဘာသာရပ်အားလုံးစုံအောင်ဖြေဆိုခြင်းမရှိသော ကျောင်းသူ၊ ကျောင်းသားများအား ပြန်လည်ဖြေဆိုသော
စာမေးပွဲတွင် ဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။
ယခုပြန်လည်ဖြေဆိုရသောစာမေးပွဲအား ပညာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများက မေးခွန်များထုတ်၍ ပြည်လည်ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
ပုံမှန်စာမေးပွဲတွင် ၀င်ရောက်ဖြေဆိုပြီး ကျရှုံးသောကျောင်းသူ၊ ကျောင်းသားများအား ဧပြီလ ၂၅ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ နံနက်(၇)နာရီမှ(၁၁)နာရီအချိန်ထိ တစ်ရက်လျှင်တစ်ကြိမ်နှုန်းဖြင့် သက်ဆိုင်ရာသင်ရိုးညွှန်းတန်းများအား မိမိတို့တက်ရောက်ပညာသင်ယူခဲ့သောကျောင်းများတွင် ပြန်လည်တက်ရောက်သင်ယူရမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့မှ အလယ်တန်းပြ ဆရာမတစ်ဦးမှဆိုသည်။

ဧပြီလ ၂၅ ရက်မှစတင်သင်ကြား၍ မေလ ၁၄ ရက်နေ့တွင်မေးခွန်းပုံစံအသစ်ဖြင့် ပြန်လည်ဖြေဆိုရမည်ဖြစ်သော ကုစားစာမေးပွဲတွင် သက်ဆိုင်ရာဆရာ ဆရာမများမှ အချိန်တိုအတွင်း ထိရောက်စွာသင်ကြားနိုင်မှုမရှိမည်ကို ကျောင်းသားမိဘများမှ စိုးရိမ်လျှက်ရှိကြောင်းသိရသည်။"
သူငယ်တန်းမှစပြီး နှစ်စဉ် ဒီဆရာ ဒီမေးခွန်းနဲ့ ပုံမှန်တစ်နှစ် တစ်တန်းအောင်မြင်လာတဲ့သားက ဒီနှစ်ရှစ်တန်းစာမေးပွဲရှုံးတယ်ဆိုတော့၊ အခုစာမေးပွဲရှုံးလို့ အခုပြန်ဖြေရမယ့် စာမေးပွဲကို ၁၅ ရက်လောက်အချိန်လေးနဲ့ မေးခွန်းအသစ်ဖြေဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး" ဟုကျောင်းသားမိဘတစ်ဦးမှဆိုသည်။

မူလတန်းပညာသင်ယူစဉ်အချိန်မှစ၍ နှစ်စဉ်ပညာသင်ယူနေသော ကျောင်းတွင် အတန်းပိုင်ဆရာ ဆရာမများ၏ထံ၌ ကျူရှင် သို့မဟုတ် အထူးသင်ယူမှု(Guide)အဖြစ် နှစ်စဉ်ငွေကြေးမြောက်များစွာ ပေးပြီး ပညာသင်ယူနေရသော်လည်း ဆရာစစ်ဆိုသော စာမေးပွဲများကြောင့် တစ်နှစ်တစ်တန်းအောင်မြင်နေသော ပညာရေးစနစ်မှ ယခုကဲ့သို့ စတုတ္ထတန်းနှင့် အဋ္ဌမတန်းများကို အစိုးရစစ်စာမေးပွဲဖြေဆိုလိုက်ခြင်းကြောင့် အခြေခံပညာရေးအားနည်းသော ကျောင်းသူ၊ ကျောင်းသားအချို့မှာ စာမေးပွဲဖြေဆိုမှုများ၌ ကျရှုံးခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ် အခြေခံပညာအဆင့် အောင်စာရင်များအား ၂၀၁၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာအရ စတုတ္ထတန်းအောင်စာရင်းမှာ ၇၅ ဒသမ ၈၆ ရာခိုင်နှုန်းရှိပြီး အဋ္ဌမတန်းအောင်စာရင်းမှာ ၅၄ ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်းသိရသည်။"
လာမယ့်ပညာသင်နှစ်မှာ ဆရာ၊ဆရာမတွေရဲ့ သင်ကြားမှုအပိုင်းလည်းတိုးတက်လာမယ်၊ ကျောင်းသား ကျောင်းသူတွေဘက်ကလည်း အရည်အသွေးပြည့်ဝလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပြန်လည်ကုစားဖြေဆိုတဲ့စာမေးပွဲကို ပျောက်အောင်လုပ်သွားမှာပါ" ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူချုပ်ကဆိုသည်။

ယခုကဲ့သို့ဖြေဆိုသော အစိုးရစစ်စာမေးပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ပြီးမှ ပထမဆုံးအကြိမ်ပြန်လည်ဖြေဆိုရသော စာမေးပွဲဖြစ်ကြောင်းသိရသည်။
အေကေကေ(တောင်တွင်း)

0 comments:

Post a Comment