Wednesday, April 8, 2015

မကွေးတိုင်းဒေသကြီးအတွင်း မီးရှို့သဖြင့် မီးလောင်မှုဖြစ်ပွား၍ အမှုဖွင့်အရေးယူ

၂၀၁၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ နေ့လည် (၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်၊ ဆင်ချည်တိုင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဆင်ချည်တိုင်ကျေးရွာနေ အောင်မင်း(၄၃)နှစ်သည် အရက်အလွန်အကျွံ သောက်စား မူးယစ်ပြီး ၎င်း၏ (၃)ပင်ပတ်လည်၊ သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်ခေါင်မိုးအား ဂက်စ်မီးခြစ်ဖြင့်မီးရှို့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်းများ၊ ကျေးရွာသူ/သားများမှ ဝိုင်းဝန်း မီးငြိမ်းသတ်ကြရာ နေ့လည် (၂) အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှု ကြောင့်တန်ဖိုး ၄၅ဝဝဝိ/-ခန့် ဆုံးရှုံး သွားသဖြင့် အောင်မင်းအား တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်း နယ်မြေရဲစခန်း(ပ) ၁ဝ/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 
 
အလားတူ ၎င်းနေ့ နံနက် (၁၁း၅ဝ) အချိန် ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာနေ မြင့်စိုး(၅၃)နှစ်မှ ၎င်းပိုင် နွားတင်းကုတ်အား မီးရှို့ကြောင်းသတင်းအရ ပခန်းငယ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မြင့်စိုးမှာ ဇနီးဖြစ်သူ မသန်းဆင့်နှင့်စကားများ ရန်ဖြစ် ရာမှ နေအိမ်ဝန်းအတွင်းရှိ နွားတင်းကုတ်အား ဂတ်မီးခြစ်ဖြင့် မီးရှို့ရာမှ မီးလောင်ကျွမ်း၍ ၁၁၃၂အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သက္ကယ်မိုး၊ အကာမရှိ(၃)ပင်ပတ်လည် နွားတင်းကုတ်(၁)လုံး၊ တန်ဖိုး ၂၅ဝဝိ/-ခန့် ဆုံးရှုံးသွားကြောင်း စုံစမ်းသိရှိရသဖြင့် မြင့်စိုးအား ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေရဲစခန်း (ပ)၂၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment