Sunday, March 29, 2015

တောင်တွင်းကြီးမြို့၌ ဆန္ဒပြကျောင်းသားများနှင့် ၀န်းရံပြည်သူများအား အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးထောင်ချခြင်းများကို ဆန့်ကျင်သောအားဖြင့် လက်ပတ်နက်နှင့် စတစ်ကာများဝေငှ



မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် မတ်လ ၂၇ နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်က သာယာဝတီအကျဉ်းထောင်အတွင်း အကြမ်းဖက် ဖမ်းဆီးခံနေရသော ကျောင်းသူ၊ ကျောင်းသားများနှင့် ၀န်းရံပြည်သူများအမြန်ဆုံးလွှတ်ပေးရန်နှင့် ထိုသို့အကြမ်းဖက်မှုများအားဆန့်ကျင်ရှုတ်ချသောအားဖြင့် အနက်ရောင်လက်ပတ် ပတ်ပေးခြင်းနှင့် စတစ်ကာများဝေငှပေးခြင်းကို မြို့လယ်လမ်းဆုံအနီး ဗိုလ်ချုပ်ပန်းခြံအရှေ့ဘက်တွင် ဒေသခံပြည်သူများဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် တောင်တွင်းကြီးမြို့ပေါ်ရှိ ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူလူထုအင်အား ၂၀ ကျော်ဖြင့် ကမ္ဘာမကြေဘူး စာတန်းပါလက်ပတ်အနက်များအားပတ်ပေးခြင်း၊ ကျွန်တော်တို့ဟာ ကျောင်းသားတွေပါ၊ ကျွန်တော်တို့ရဲ့ အခွင့်အရေးကိုလေးစားပါ စာတန်းပါသော စတစ်ကာများအား ကားနှင့်ဆိုင်ကယ်များအား ဝေငှကပ်ပေးခြင်းများပြုလုပ်ခဲ့သည်။

အခုဒီလက်ပတ်ကို ပတ်လိုက်ရတဲ့အချိန်မှာ စိတ်ထဲပြောမပြတတ်တဲ့ခံစားမှုကို ခံစားရသလို ကြက်သီးမွေးညင်းထမိပါတယ်။ လက်ပံတန်းမှာ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲခံရပြီး သာယာဝတီအကျဉ်းထောင်မှာ မတရားဖမ်းဆီးထိမ်းသိမ်းခြင်းခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ၀န်းရံပေးတဲ့ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီနေရာကနေတောင်းဆိုချင်ပါတယ် ဟု ဒေသခံပြည်သူတစ်ဦးမှပြောသည်။

အဆိုပါလှုပ်ရှားမှုအား နံနက် ၁၁ နာရီအချိန်ခန့်တွင်အောင်မြင်စွာပြီးဆုံးခြင်းအထိမ်းအမှတ်အဖြစ် မြို့လယ်ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာဇာနည်ကျောက်တိုင်အားဦးညွှတ်အလေးပြုခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုလှုပ်ရှားမှုအား တောင်တွင်းကြီးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများလာရောက်စောင့်ကြည့်မှတ်တမ်းယူခြင်းများပြုလုပ်သော်လည်း တားဆီးသတိပေးခြင်းများ မပြုလုပ်ခဲ့ကြောင်းသိရသည်။

အေကေကေ(တောင်တွင်း)

0 comments:

Post a Comment