Friday, March 27, 2015

တောင်တွင်းကြီးမြို့တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များအား ပရဟိတအသင်းအဖွဲ့များမှ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၏ ပူပြင်းသောနွေရာသီတွင် မြို့နယ်အတွင်းရှိပြည်သူများ အပူဒါဏ်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော သတိပေးနှိုးဆော်ချက်လက်ကမ်းစာစောင်များအား လိုက်လံဝေငှပေးနေကြောင်းသိရသည်။

အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်လက်ကမ်းစာစောင်များကို စန္ဒာ-သူရိယ ကျန်းမာ ပညာကူညီရေးအသင်းမှဦးဆောင်၍ မြို့ပေါ်ရှိပရဟိတစိတ်ပါဝင်စားသူလူငယ်များစုပေါင်း၍ ဇေယျမင်္ဂလာရွှေအင်းတောင်ဘုရားပွဲ(တပေါင်းပွဲ)တော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသော ပြည်သူများအား အသိပညာပေးရန်ရည်ရွယ်ပြီး အခမဲ့ဖြန့်ဝေပေးနေကြောင်းသိရသည်။"မြို့နယ်အတွင်းရှိပြည်သူများနဲ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာကြတဲ့ပြည်သူများ ကျွန်တော်တို့မြေလတ်ဒေသရဲ့အပူရှိန်ကို ပြင်းပြင်းထန်ထန်ခံစားနေရတာကိုသိလို့ ကျွန်တော်တို့အသင်းကဦးဆောင်ပြီး အခုလိုပူပြင်းခြောက်သွေ့သောနွေရာသီမှာ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့အတွက် သတိပေးနှိုးဆော်ချက် လက်ကမ်းစာစောင်တွေကို ဘုရားပွဲတော်အတွင်းရှိပြည်သူများ၊ ဘုရားကြီးရင်ပြင်တော်ပေါ်ရှိ ဘုရားဖူးပြည်သူများ၊ မြို့ပေါ်ရှိလက်ဘက်ရည်ဆိုင်အချို့နဲ့ တောင်တွင်းကြီးမြို့ မြို့မဈေးတို့မှာ မတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ နံနက် ၁၀ နာရီခွဲအချိန်နှင့် ညနေ ၅ နာရီအချိန်များတွင်ဝေငှပေးခဲ့ပါတယ်"ဟု လက်ကမ်းစာစောင်များလိုက်ပါဝေနေသော စန္ဒာ သူရိယ ကျန်းမာ- ပညာကူညီရေးအသင်းမှ ကိုအောင်ကျော်ကျော်မှပြောသည်။
လက်ကမ်းစာစောင်များဝေငှနေစဉ်တွင် အချို့သောပြည်သူများမှာ နိုင်ငံရေးစာစောင်များဝေနေသည်ဟုထင်နေသောကြောင့် ပြည်သူများ၏ ကျန်းမာရေး ပညာပေးစာစောင်များဖြစ်ကြောင်း ရှင်းလင်းပြောပြ၍ ဝေငှပေးရကြောင်း လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် လိုက်ပါကူညီနေသော မြို့နယ်သွေးလှူရှင်များအသင်း ဥက္ကဌ ဦးသူရအောင်မှဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ယခုလိုအပူချိန်ပြင်းထန်စွာခံစားနေရသောရာသီမျိုးတွင် အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးအန္တရာယ်များကို ပြည်သူများသိရှိစေရန် မြို့နယ်ဒေသအလိုက် အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာသင့်သော်လည်း ထုတ်ပြန်ကြေညာခြင်းများပြုလုပ်ပေးခြင်းမရှိကြောင်း မြို့နယ်အတွင်းရှိပြည်သူများကပြောဆိုနေကြောင်းသိရသည်။" နောက်ပိုင်း ဒီထက်မကအပူချိန်မြင့်မားလာရင် အသက်အရွယ်ကြီးတဲ့လူကြီးတွေကို အပူဒဏ်ကိုသက်သာဖို့အတွက် အရိပ်အာဝါသကောင်းတဲ့ ဘုန်းကြီးကျောင်းတွေလို နေရာမျိုးတွေမှာ ယာယီနေထိုင်နိုင်ဖို့ စီစဉ်ထားပါတယ် " ဟု စန္ဒာ သူရိယ ကျန်းမာ-ပညာ ကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးမှပြောသည်။

အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက် သတိပေး လက်ကမ်းစာစောင်များအား တောင်တွင်းကြီးမြို့ပေါ်တွင် အစောင်အရေသုံးထောင်ဝန်းကျင်ခန့်ဝေငှနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

အေကေကေ(တောင်တွင်း)

0 comments:

Post a Comment