*နတ်မောက် ဆိုတဲ့မြို့
လျှမ်းလျှမ်းတောက်ခဲ့တာ
`ယင်း´ချောင်းကြောင့်ပါ။
*`ယင်း´ချောင်းက
နတ်မောက်ကိုမွေး
မြို့သစ်ကိုကြီးထွား
မကွေးကို လူလားမြောက်စေခဲ့တယ်။
*`ယင်း´ချောင်းတစ်လျှောက်
ဗိုလ်မင်းရောင်ရဲ့`တောက်´
မောက်ထိန်လင်းရဲ့စာအံသံ
ဆူညံလျက်ရှိတုန်း။
*စုံနံ့သာမြိုင် ဦးကြော့ က
`ယင်း´ချောင်းထိပ်မှာ လင်ပျောက်ရှာ
_ ကြက်သွန်တွေတွေ့
_ အာလူးတွေတွေ့
_ ပဲတွေတွေ့
_ နှမ်းတွေတွေ့_ _ _။
*သြော် _ _
ယခု`ယင်း´ချောင်း
သတင်းကောင်းပြောရရင်
အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား
ဒို့ `ဗိုလ်ချုပ်´အားတွေနဲ့
`ယင်း´စကားတွေကြွားပေါ့။
*ကြည့်စမ်း _ _
မနက်လင်းကထဲက
`ယင်း´ချောင်းထဲမှာ
ကလေးရော _ ခွေးရော
ဗိုက်ကြီးသည်ရော
အပျိုရော _ အစ်ကိုရော
အဟောင်း အညစ်က
အကောင်းအသစ်ဖြစ်ကရော့ဟဲ့ _
အပေအညစ်က
တစ်ထွေ အသစ် ဖြစ်ကရောဟဲ့ _။
*အင်း _ _
`ယင်း´ထဲမှာ
ငါးပေတန်း၊ ငါးခူငါးရံ့
ငါးသလဲထိုးငါးမျိုးစုံရှိ
ဘက်တီးရီးယားတွေ
ဗိုင်းရပ်(စ်)တွေ
အထပ်ထပ်ရှိ
အရှိကို အသိနဲ့ဟပ်သာကြည့်။
*ဒို့ _ _
`ယင်း´နားသားတွေ
`ယင်း´နားမှာနေ
`ယင်း´ရေကိုသောက်
`ယင်း´မြေမှာကြီးပြင်း
မင်း _ _
`ယင်း´နဲ့ ကင်းနိုင်ပြီလား။
*အခု _ _
`ယင်း´လေ
သူ့တာဝန်သူကြေ
ဒို့လည်း ဒို့တာဝန် ဒို့ကြေ
`ယင်း´နားမှာပဲနေ ။ ။
သိန်းထွန်းအောင်
(အောင်မေတ္တာ)
0 comments:
Post a Comment