Saturday, February 14, 2015

ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့်မွေးနေ့နှင့်မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ဆောင်းပါး၊စကားရည်လုပြိုင်ပွဲများတွင် ဆုရကျောင်းသားကျောင်းသူများ ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေး     ဖေဖော်ဝါရီ      ၁၃
          မကွေးတိုင်းဒေသကြီး မကွေးမြို့၊မြို့တော်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့နှင့်မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာရွက်ဆို၊ဆောင်းပါး၊ စကားရည်လုပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

          အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီး ဥပဒေချုပ်၊တရားသူကြီးချုပ်၊စာရင်းစစ်ချုပ်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မကွေးခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်နှင့်အခြေခံပညာကျောင်းများမှပြိုင်ပွဲဆုရကျောင်းသား/သူ များ၊လူမှုဝန်ထမ်းနှင့်ပုဂ္ဂလိကမူကြိုကျောင်းများမှကလေးငယ်များ၊လူမှုရေးအသင်းအဖွဲ့များ
တက်ရောက်ကြသည်။

ရှေးဦးစွာ မကွေးလူမှုဝန်ထမ်းမူကြိုမှကလေးငယ်များက တေးသရုပ်ဖေါ်ယိမ်းအကဖြင့်ဖျော်ဖြေပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ တက္ကသိုလ်နှင့်ကောလိပ်များမှ စာစီစာကုံး ပြိုင်ပွဲတွင်ပထမဆုရမကွေးတက္ကသိုလ် တတိယနှစ်၊အင်္ဂလိပ်စာမှမခင်သန်းသန်း၊ဒုတိယဆုရ တတိယနှစ်၊ အင်္ဂလိပ်စာမှမမီမီဗိုလ်လင်း၊တတိယဆုရ စတုတ္ထနှစ်၊မြန်မာစာမှ မစန္ဒာဝင်းနှင့်ပညာရေးကောလိပ်စာစီစာ ကုံးပြိုင်ပွဲတွင်ပထမ၊ဒုတိယ၊တတိယဆုရရှိသူများအားဆုများချီးမြှင့်ပေးခဲ့သည်။

ထို့နောက် မကွေးလူမှုဝန်ထမ်းမူကြိုမှကလေးငယ်တစ်ဦးမှတစ်ပင်တိုင်အကဖြင့်ဖျော်ဖြေပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဇော်လင်းအောင်မှအခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများအားဆုများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ မူကြိုကျောင်းများမှကလေးငယ်များမှ လှယဉ်ကျေးမယ်တေးသရုပ်ဖေါ်ဖြင့် ဖျော်ဖြေပြီး တိုင်းဒေသကြီးဥပဒေချုပ်ဦးဇေယျမှမကွေးတက္ကသိုလ်နှင့်ကောလိပ်များမှကဗျာပြိုင်ပွဲတွင်ဆုရရှိ သူများအားဆုချီးမြှင့်ပေးခဲ့ပြီးနောက် အခြေခံပညာကျောင်းသား/သူများက ပုဂံအကဖြင့်ဖျော်ဖြေကာ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ဦးလှသန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများမှအခြေခံပညာအထက်တန်း၊အလယ်တန်းနှင့်မူလတန်းအဆင့်ကဗျာ၊ဆောင်းပါး၊ပန်းချီ၊စကားရည်လုပြိုင်ပွဲများတွင်ဆုရရှိသူအသီးသီးအား ဆုများ ချီးမြှင့်ပေးခဲ့သည်။

၎င်းနောက် ပညာရေးကောလိပ်မှ ကျောင်းသား/သူများမှ မကွေးတိုင်းမှဖိတ်ခေါ်သံသီချင်းဖြင့်ကပြ ဖျော်ဖြေပြီး တိုင်းဒေသကြိးဝန်ကြီးချုပ်မှ ဆုရကျောင်းသား/သူများနျင့်တက်ရောက်လာသောဧည့်ပရိတ် သတ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များတွင် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်သောဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့နှင့်မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွက်ဆို၊ ဆောင်းပါး၊ စကားရည်လုပြိုင်ပွဲများအား အခြေခံပညာကျောင်းများ၊လူမှုဝန်ထမ်း မူကြိုနှင့်ပုဂ္ဂလိကမူကြိုများတွင်ဆောင်ရွက်ခဲ့ကြပြီး ဆုရရှိသူများအား ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ဦးစီး၍ ဆုများပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment