Monday, February 23, 2015

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ သတင်းစာရှင်းလင်းပွဲ

ဒါကတပ်မတော်အနေနဲ့လုပ်ရမှာပဲ.တာဝန်ယူရမယ်...
လက်နက်ကိုင်တပ်ဆိုတာ တခုပဲရှိရမယ်..

ကိုးကန့်ပြဿနာ “ဝ” နှင့် KIA အပါအဝင် လက်နက်ကိုင်ငါးဖွဲ့ တာဝန်ယူရမည်ဟု တပ်မတော် အတိအလင်း သတိပေး
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
တပ်မတော်၏ တပ်ရင်းတပ်စခန်းများကို လက်နက်ကိုင်တိုက်ခိုက်၍ ကိုးကန့်ဒေသတွင် ပဋိပက္ခများ ဖန်တီးသော ဖုန်ကြားရှင် ပြဿနာတွင် ပါဝင်ပတ်သက်သည့် “ဝ” အဖွဲ့၊ KIA အဖွဲ့၊ မိုင်းလား၊ SSA (ဝမ်ဟိုင်း) နှင့် TNLA လက်နက်ကိုင်ငါးဖွဲ့တို့ တာဝန်ယူရမည် ဖြစ်ကြောင်း တပ်မတော်က အတိအလင်း ထုတ်ပြန်ပြောဆိုလိုက်သည်။

ကိုးကန့်၊ လောက်ကိုင် တိုက်ပွဲများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“အဲဒီအဖွဲ့တွေ ပါဝင်နေတယ်ဆိုတာ ကျွန်တော်တို့မှာ ခိုင်မာတဲ့ အချက်အလက်တွေ ရှိထားတယ်။ ဒါကြောင့် သူတို့အနေနဲ့ ဒီကိစ္စကို တာဝန်ယူရပါမယ်” ဟု စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူးလည်း ဖြစ်သူ ၎င်းက ထပ်လောင်းပြောဆိုသည်။

တပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသော ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့တွင် KIA၊ TNLA၊ SSA (ဝမ်ဟိုင်း) နှင့် ရက္ခိုင့်တပ်မတော် AA တို့ ပါဝင်ကြောင်း ကိုးကန့်အဖွဲ့က တရားဝင်ပြောဆိုထားသည်။

သို့သော် ယင်းသို့ ပါဝင်ခြင်း မရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ငြင်းဆိုထားပြီး “ဝ” နှင့် မိုင်းလားအဖွဲ့များကလည်း ကိုးကန့်ပြဿနာတွင် မပါဝင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပြောဆိုထားသည်။

“ဒီလိုပါတယ် ဆိုတာ ကျွန်တော်တို့ ပြောတာ မဟုတ်ပါဘူး။ သူတို့ပြောတာပါ” ဟု ကိုးကန့်အဖွဲ့၏ တရားဝင်ပြောဆိုမှုကို ရည်ညွှန်း၍ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်လည်း ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုသည်။

သို့သော် မည်သို့ တာဝန်ယူစေမည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ ယင်းပြဿနာတွင် ပါဝင်သည့် အထက်ပါ အဖွဲ့အစည်းများကိုသာ မည်သို့ တာဝန်ယူနိုင်မည် ဆိုသည်ကို မေးမြန်းရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကိုးကန့်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြောင်း AA အဖွဲ့ကလည်း တရားဝင် ပြောဆိုထားပြီး တပ်မတော်နှင့် ဖုန်ကြားရှင် တိုက်ပွဲများတွင် KIA၊ TNLA စသည့် တိုင်းရင်းသား လက်နက်ကိုင်များ တပ်ပေါင်းစုအဖြစ် ပါဝင်နေသည်မှာ မှန်ကန်ကြောင်း ထိုင်းနိုင်ငံတွင် နေထိုင်၍ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို ဆယ်စုနှစ်ကြာ လေ့လာနေသူ ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လစ်တနာက The Voice သို့ ပြောဆိုထားသည်။

မိုင်းလားအဖွဲ့၏ ဥက္ကဋ္ဌ ဦးစိုင်းလင်းမှာ ဖုန်ကြားရှင်၏ သားမက်တော်စပ်သူ ဖြစ်ပြီး ယခင်နှစ်များတွင် ဖုန်ကြားရှင်ကို ခိုလှုံခွင့်ပြု၍ ယခုတိုက်ပွဲများ ပြင်ဆင်ရန် ပံ့ပိုးသူ ဖြစ်သည်ဟု တပ်မတော်က ပြောဆိုထားပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော UWSA “ဝ” အဖွဲ့ကို တပ်မတော်က ပထမဆုံးအကြိမ် ထုတ်ဖော်သတိပေးခြင်းလည်း ဖြစ်သည်။
Ref. The Voice Weekly
5 hrs ·

0 comments:

Post a Comment