Friday, February 27, 2015

တောင်တွင်းကြီးမှာ ညပိုင်း လုယက်မှုများရှိနေ



မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ မြို့ပေါ်လမ်းမကြီးများပေါ်တွင် အသက် ၃၀ ၀န်းကျင်အရွယ်ရှိ အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်စီးနှင်းပြီး စက်ဘီးစီးပြည်သူများ၊ ဆိုက်ကားနင်းပြည်သူတစ်ဦးနှင့် လမ်းလျှောက်လာသော အမျိုးသမီးငယ်တို့၏ လက်ကိုင်ဖုန်းလုယူမှုများ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ လုယူထွက်ပြေးမှုအကြိမ်ပေါင်း ခြောက်ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

အဆိုပါလုယူမှုများမှာ ည ၇ နာရီနောက်ပိုင်းတွင်ဖြစ်ပွားလေ့ရှိပြီး ည ၂ နာရီအချိန်ခန့်က တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟန်းဖုန်းလုယူခြင်းခံခဲ့ရသူ အုန်းတော ၂ ရပ်ကွက်နေ ဆိုက်ကားနင်းသူ ကိုသန့်ဇင်ဦးမှ “ ကျွန်တော်က ညပိုင်းဆိုက်ကားနင်းသူတစ်ယောက်ပါ အဲ့ဒီနေ့ ည ၂ နာရီလောက်က လူစီးမရလို့ ဆိုက်ကားနင်းပြီး အိမ်ကိုပြန်လာတဲ့အချိန် ကျွန်တော့်နောက်ကဆိုင်ကယ်တစ်စီးကကပ်လိုက်လာပြီး ခါးမှာချိတ်ထားတဲ့ ဖုန်းကိုလုယူထွက်ပြေးသွားတယ်။ အရစ်ကျငွေပေးပြီးဝယ်ထားရတဲ့ဖုန်းလေး အခုထိဖုန်းဖိုးမကျေသေးပါဘူး ” ဟု ပြောကြားခဲ့သည်။


ထိုသို့အလုခံရသူများတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦးရှိကြောင်းသိရပြီး ထိုသူများမှာလည်း မြို့နယ်ရဲစခန်းသို့ တိုင်ကြားထားခြင်းများမရှိကြောင်းသိရသည်။
ပျောက်သွားတဲ့ဖုန်းက တစ်သိန်းသုံးသောင်းကျော်ပဲရှိတယ် အမှုဖွင့်ရင် ဒီ့ထက်ပိုကုန်မှာမို့ အမှုမဖွင့်ပါဘူးဟု လုယူခံရသူတစ်ဦးမှပြောကြားသည်။


မြို့နယ်အတွင်းရှိပြည်သူများမှလည်း အဆိုပါဖုန်းလုသည့်သတင်းများကြောင့် မိမိတို့တွင်ပါရှိသည့် အဖိုးတန်ရွှေ ငွေများနှင့် လက်ကိုင်ဖုန်းများကို သတိကြီးစွာထားရှိပြီး မိသားစုစားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရကြောင်းသိရသည်

အေကေကေ(တောင်တွင်း)

0 comments:

Post a Comment