Thursday, January 22, 2015

သမိုင်းဝင် မြသလွန်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း စိန်ဖူးတော် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ ကျင်းပ



မကွေး     ဇန်န၀ါရီ      ၂၂


          မကွေးတိုင်းဒေသကြီး မကွေးမြို့သမိုင်းဝင် မြသလွန်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ခြင်း၊စိန်ဖူးတော်၊ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၂၁ ရက်နံနက် ၇း၃၀ နာရီက  မြသလွန်စေတီတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
          အခမ်းအနားသို့ ပင့်သံဃာဆရာတော်ကြီးများဖြစ်ကြသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒ န္တကုမာ၇ာဘိဝံသ (ဗန်းမော်ဆရာတော်)အမှူးပြုသော သြ၀ါဒစရိယဆရာတော်ကြီးများ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော် ရွှေ၊သာသနာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဒေါက်တာမောင်မောင်ဌေး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊တိုင်းဒေသကြီး ဥပဒေချုပ်၊စာရင်းစစ်ချုပ်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ အလှူရှင်များ၊လူမှုရေးအသင်းအဖွဲ့များ၊မြို့မိမြို့ဖများ၊ဘုရားဖူးလာဧည့်ပရိတ်သတ်များ၊ဖိတ်ကြားထား
သည့်ဧည့်သည်တော်များ၊၀တ်အသင်းအဖွဲ့များနှင့်မင်္ဂလာစည်တော်အဖွဲ့များတက်ရောက်ကြသည်။

          အခမ်းအနားကို ရှေးဦးစွာ မြသလွန်စေတီတော် မဟာဝိဇယရံသီတန်ဆောင်းတော်တွင်ကျင်းပရာ နမောတဿ(၃)ကြိမ်ရွက်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး နိုင်ငံတော်သြ၀ါဒစရိယဆရာတော် ရာဇမုနိ တောင်ပေါ်ကျောင်းမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒ န္တကေလာသထံမှဧည့်ပရိတ်သက်များက(၉)ပါးသီလခံယူ ဆောက်တည်၍ ဥပသကာများမှ ပရိတ်ရေ၊ပရိတ်ချည်၊ပရိတ်ပန်း၊ပရိတ်သဲများကို နိုင်ငံတော်သံဃမဟာနာ ယက ဥက္ကဌဆရာတော်ကြီးနှင့်သြ၀ါဒစရိယဆရာတော်ကြီးများထံကပ်လှူပူဇော်ခဲ့ကြသည်။ထို့နောက် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဆရာတော်အမှူးပြုသော သြ၀ါဒစရိယဆရာတော်များ ရွက်ဖတ်တော် မူသောပရိတ်တရားတော်များကိုဧည့်ပရိတ်သတ်များမှနာယူခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ မြသလွန်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း၊နိဗ္ဗာန်ဆိပ်ကူးတံတားတည် ဆောက်ရခြင်းနှင့်ပတ်သက်၍ဆရာတော်ကြီးများ
ထံလျှောက်ထားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မိသားစုမှ သမိုင်းဝင်မြသလွန်စေတီတော်ရတနာစိန်ဖူးတော်အား နိုင်ငံတော် သံဃာမဟာနာယက ဥက္ကဌ ဆရာတော်ဘုရားထံကပ်လှူပူဇော်ပြီး ငှက်မြတ်နားတော်ကို သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ နယ်မြေခံတပ်မှ အရာရှိကြီးများ ၊ အလှူရှင်များမှ ကပ်လှူပူဇော်ခဲ့ကြသည်။

          ထို့နောက် နိုင်ငံတော် သံဃာမဟာနာယက ဥက္ကဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒ န္တကုမာ၇ာဘိဝံသ (ဗန်းမော်ဆရာတော်)ထံမှ အနုမောဒနာတရား နာကြာ၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ၄င်းနောက် သာသနာရေးဝန်ကြီးဌာန ဦးစီးအရာရှိ ဦးသုတမှ မြသလွန်စေတီတော်မြတ်သို့ ရတနာစိန်ဖူးတော်စသည်များ တင်လှူပူဇော်ရာတွင် မပြည့်စုံမှု၊ မှားယွင်းမှု များရှိပါက ခွင့်လွှတ်ပါမည့်အကြောင်း သမ္မာဒေ၀ နတ်မြတ်များထံ တောင်းပန်လွှာကို ဘုရား ဒါယိကာ၊ ဒါယိကာမများကိုယ်စား ဖတ်ကြားခဲ့သည်။ 

          ဆက်လက်၍ နိုင်ငံတော် သံဃာမဟာနာယက ဥက္ကဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒ န္တကုမာ၇ာဘိဝံသ (ဗန်းမော်ဆရာတော်)အမှူးပြုသော ဆရာတော်ကြီးများ ဦးဆောင်၍ အောင်အိုးကိုင်၊ သာသနာ့အလံကိုင်ဥပါသကာများ၊ ဒေ၀ါဝင်းအဖွဲ့များနှင့် အတူတိုင်းဒေသကြီးအစိုး  ရအဖွဲ့ ၀န်ကြီးချုပ်နှင့်မိသားစုမှ ရတနာစိန်ဖူးတော်တင်ဆောင်သော ဝေါယာဉ်အားလည်းကောင်း၊ သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဆောင်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများမှ ငှက်မြတ်နားတော်တင်ဆောင်သော ဝေါယာဉ်အား ပင့်ဆောင်၍ မြသလွန်စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူးဇော်ကာ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူမည့် မင်္ဂလာရထားပြန်မဏ္ဍပ်သို့ ပို့ဆောင်ခဲ့သည်။ 

မင်္ဂလာ အချိန်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌဆရာတော် ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေ သကြီး သံဃမဟာနာယကအဖွဲ့ဥက္ကဌဆရာတော်များ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေတို့မှ ငှက်မြတ်နားတော်တင်ဆောင်သည့် ဝေါယာဉ်အား ဆက်ခလုပ်နှိပ်၍ မြသလွန်စေတီတော်အထွဋ်သို့ ပင့်ဆောင်ပြီး ဆည်းလည်းပဒေသာ၊ အောင်အိုး၊ သာသနာ့အောင်လံတော်များကို ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ရတနာစိန်ဖူးတော်အား တတိယအကြိမ်အဖြစ်လည်းကောင်း ပင့်ဆောင်ပူးဇော်ခဲ့ကြပါသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များမှ ဇယန္တောဗောဓိယာ မူလေအစချီဇယမင်္ဂအောင်ဂါထာကို ရွတ်ဆိုပူဇော်ခြင်းများနှင့် တံခွန်တိုင်ရှိရွှေထီးတော်ကို တင်လှူပူဇော်ခဲ့ကြာကာ ရတနာစိန်ဖူးတော်တင် မင်္ဂလာအခမ်းအနားကြီး အောင်ပြီ အောင်ပြီဟု သုံးကြိမ်ရွတ်ဆို၍ ရတနာရွှေမိုးငွေမိုးများရွာသွန်ကာ ဆရာတော်ကြီးများမှ ဗုဒ္ဓဘိသေက အနေကဇာတင်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          ထို့နောက် သမိုင်းဝင်မြသလွန်စေတီတော်ရှိ နိဗ္ဗာန်ဆိပ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်၊ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌဆရာတော်နှင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တံတားမုခ်ဦးတိုင်ကို ပရိတ်ရည်နှင့် အမွေးနံ့သာရည်များပတ်ဖြန်းပူဇော်ခဲ့ကြသည်။

          ယခုကျင်းပသော မကွေးမြို့ သမိုင်းဝင် မြသလွန်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနား ပြီးမြောက်သည်နှင့် အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအနေဖြင့်လည်းကောင်း၊ အခါကြီးရက်ကြီးများတွင် လာရောက်ဖူးမြှော်သော ဘုရားဖူးများအနေဖြင့် လည်းကောင်း၊ ရွှေသင်္ကန်းဆက်ကပ်ပြီးဖြစ်၍ တင့်တယ် သပ္ပါယ်စွာ ဖူးမြှော်ကြည့်ညိုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment