Monday, January 19, 2015

တောင်တွင်းကြီးမြို့ ၊ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ရာပြည့်ဂုဏ်ပြုပွဲအထိမ်းအမှတ်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပရေးကော်မတီနှင့် မြို့နယ်ပြည်သူများပူးပေါင်း၍ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြု၍ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော စိတ်ဓာတ်များပြန့်ပွားနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးမှ မြေလတ်မီဒီယာသို့ ပြောကြားပါသည်။

တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်ကျင်းပရခြင်း ရည်ရွယ်ချက်များဖြစ်သော
ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ် ပြန့်ပွားစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်မြတ်နိုးသော ရဟန်းရှင်လူပြည်သူအားလုံး လူမျိုးဘာသာ၊ ပါတီမရွေး ပါဝင်ဆောင်ရွက်ဆင်နွှဲနိုင်ရန်၊ နောင်လာနောက်သားများ ဗိုလ်ချုပ်အောင်ဆန်း၏စိတ်ဓာတ်ကို အတုယူလျှက် တိုင်းပြည်အကျိုးဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီ သတင်းနှင့် ပြန်ကြားရေးမှ ဦးအောင်ကျော်ကျော် ကပြောကြားခဲ့ပါသည်။
တောင်တွင်းကြီးမြို့၏ ဗိုလ်ချုပ်ရာပြည့်ပွဲကြီးတွင် စာစီစာကုံးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်ပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်အထိမ်းအမှတ်ဈေးရောင်းပွဲတော်ကျင်းပခြင်း၊ ပန်းချီပြပွဲ၊ ဓါတ်ပုံပြပွဲ၊ နံရံကပ်ပိုစတာပြပွဲ၊ မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ်ပွဲနှင့် ကဗျာရွတ်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့အပြင် မြို့ပေါ်ဆယ်ရပ်ကွက်သို့ ဇန်နဝါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုတေးသီချင်းများ သီဆိုဖျော်ဖြေရေးများကိုလည်း နှစ်ရက်တိုင်တိုင် လှည့်လည်၍ တောင်တွင်းကြီးမြို့ပေါ်ရှိ ရပ်ကွက် ဆယ်ရပ်ကွက်သို့ ဗိုလ်ချုပ်ကို လေးစားဂုဏ်ပြုလိုသော အနုပညာရှင်များမှ ဂုဏ်ပြုတေးသီချင်းများဖြင့် နံနက်ကိုးနာရီမှ ညကိုးနာရီအထိ လှည့်လည်ဖျော်ဖြေပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
          အေကေကေ(တောင်တွင်း)

0 comments:

Post a Comment