Tuesday, January 27, 2015

တောင်တွင်းကြီးမြို့၌ ဗိုလ်ချုပ်ရာပြည့်ပွဲအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပခြင်း

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်၊ ရာပြည့်ပွဲကျင်းပရေးကော်မတီမှဦးဆောင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲများအား တောင်တွင်းကြီးမြို့၏ အခမဲ့စာသင်ကျောင်းတစ်ခုနှင့် ဘုန်းတော်ကြီးကျောင်းများတွင်ဖွင့်လှစ်ထားသည့် ဓမ္မစကူးလ်နှစ်ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပယှဉ်ပြိုင်ကြောင်းသိရသည်။

တောင်တွင်းကြီးမြို့ မတောင့်တဘုန်းတော်ကြီးကျောင်းအတွင်းရှိ အလင်းခေတ်ပညာဒါနကျောင်းတွင် ၂၄ ၊ ၁ ၊ ၂၀၁၅ နေ့ နေ့လည် တစ်နာရီအချိန်တွင် ကျင်းပပြုလုပ်သော စာစီစာကုံးပြိုင်ပွဲ၌ စာရင်းပေးထားသူ ကျောင်းသူ ကျောင်းသား ၁၅၁ ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၁၂၉ ဦး ဖြေဆိုကြောင်းသိရသည်။

ဖြေဆိုသော ခေါင်းစဉ်အား မြန်မာလူထု၏ အတုမရှိအာဇာနည် ဟုပေးထားကြောင်းသိရပါသည်။
ထို့အပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီနှင့် မွန်းလွဲ ၂ နာရီတွင်လည်း တောင်တွင်းကြီးမြို့ တိုက်သစ်ဓမ္မစကူးလ်နှင့် မဟာဝိဇယဓမ္မစကူးလ်တို့တွင်မူလတန်းအဆင့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲကြီးကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဓမ္မစကူးလ်နှစ်ခုတွင် တောင်တွင်းကြီးမြို့နယ်အတွင်းမှ မူလတန်းအဆင့်ရှိ ကျောင်းသားများနှင့် ဓမ္မစကူးလ်များမှ မူလတန်းကျောင်းသားများသည် ဗိုလ်ချုပ်မိန့်ခွန်းကောက်နှုတ်ချက်များထဲမှ မိမိတို့ယှဉ်ပြိုင်လိုသော မိန့်ခွန်းကောက်နှုတ်ချက်များအား ယှဉ်ပြိုင်ချိန် ၅ မိနစ်မှ ၇ မိနစ်အတွင်း ယှဉ်ပြိုင်ချိန်ပေးထားပြီး ပါဝင်ယှဉ်ပြိုင်သူ ၃၀ ဦးရှိကြောင်းသိရသည်။

ဓမ္မစကူးလ်နှစ်ကျောင်းမှ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲယှဉ်ပြိုင်သော ကျောင်းသားများမှ ပထမဆုရကျောင်းသားနှစ်ဦးအား ဇန်နဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အဖြစ် တောင်တွင်းကြီးမြို့ပေါ်သို့ ဂုဏ်ပြုတေးသီချင်းများဖြင့်ဖျော်ဖြေသော လှုံ့ဆော်ရေးယာဉ်ပေါ်တွင် ယှဉ်ပြိုင်ပုံမိန့်ခွန်းအား ပြန်လည်ပြောကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲများမှ ဆုရကျောင်းသူကျောင်းသားများအား ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် တောင်တွင်ကြီးမြို့၊ မြို့နယ်ခန်းမကြီးအတွင်း၌ ဆုပေးပွဲကျင်းပပေးမည်ဖြစ်ကြောင်းသိရပါသည်။

အေကေကေ(တောင်တွင်း)

0 comments:

Post a Comment