Sunday, January 11, 2015

ဟားခါး-မင်းတပ် သွားလာမှုအဆင်ပြေ

ဂန့်ဂေါ ဇန်နဝါရီ ၁၀
    ဂန့်ဂေါမြို့ရှိ ယောရွှေပြည်မော်တော်ယာဉ်ငယ်လိုင်းမှ ဂန့်ဂေါ-ဟားခါးနှင့် ဂန့်ဂေါ- မင်းတပ်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ပုံမှန်ပြေးဆွဲပေးလျှက်ရှိကြောင်းနှင့် ထိုသို့ပြေးဆွဲပေးလျှက် ရှိသဖြင့် ချင်းပြည်နယ်အတွင်း သွားလာမှု အဆင်ပြေလျှက်ရှိနေကြောင်းသိရသည်။

    “ဟားခါး- ဂန့်ဂေါခရီးစဉ်ကို ချင်းပြည်နယ် ဟားခါးမြို့ကနေ မနက် ၅ နာရီ ယာဉ်ထွက်ချိန် သတ်မှတ်ထားပါတယ်၊ ဂန့်ဂေါကို မွန်းလွဲ ၁ နာရီလောက်ဝင်တယ်၊ မင်းတပ်- ဂန့်ဂေါခရီးစဉ်ကို ချင်းပြည်နယ် မင်းတပ်မြို့က နေ မနက် ၅ နာရီ ယာဉ်ထွက်ချိန်သတ်မှတ်ထားပါတယ်၊ ဂန့်ဂေါကို မနက် ၁၂ နာရီ ဝန်းကျင် လောက်မှာဝင်ပါတယ်၊ ဂန့်ဂေါ- ဟားခါး၊ ဂန့်ဂေါ- မင်းတပ် ခရီးစဉ်များကိုတော့ မွန်းလွဲ ၂ နာရီမှာ ယာဉ်ထွက် ချိန်သတ်မှတ်ထားပါတယ်၊ မင်းတပ်ကလိုက်ခဲ့တဲ့ ခရီးသည်များကတော့ ဟားခါးကားကို ပြောင်းစီး၊ ဟားခါးက လိုက်ခဲ့တဲ့ခရီးသည် က မင်းတပ်ကားကိုပြောင်းစီးပြီးတော့ ဟားခါး- မင်းတပ်၊ မင်းတပ်- ဟားခါး နေ့ချင်းပေါက် သွားနိုင်ပါတယ်” ဟု အဆိုပါယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    အဆိုပါမော်တော်ယာဉ်လိုင်းကို ပြေးဆွဲခြင်းမရှိမီ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်မြို့များမှ မြို့တော်ဖြစ်သည့် ဟားခါးမြို့သို့သွားလိုလျှင် မင်းတပ်၊ ကန်ပက်လက်မြို့များမှ မကွေးတိုင်းဒေသကြီး ဂန့်ဂေါ မြို့သို့ကားဖြင့် ၊ ထိုမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရထားဖြင့် ၊ ထိုမှတစ်ဆင့် ကလေး- ဟားခါးကားဖြင့် အဆင့်ဆင့်သွားလာကြရပြီး လမ်းခရီးကြာချိန် ၂ ရက်မှ ၃ ရက်ထိရှိကြောင်းနှင့် ဂန့်ဂေါမြို့ ယောရွှေပြည် အမြန်ယာဉ်ငယ်လိုင်းဖြင့် လိုက်ပါသွားလာနိုင်ပြီဖြစ်သည့်အတွက် ယခုအခါတွင် ချင်းပြည်နယ် မင်းတပ်ခရိုင်မှ ပြည်နယ်မြို့တော် ဟားခါးသို့ နေ့ချင်းပေါက် ခရီးသွားလာနိုင်လျှက်ရှိကြောင်း သိရသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment