Wednesday, January 7, 2015

သင်္ဘောပင်စိုက်ပျိုး ၀င်ငွေတိုး



ပွင့်ဖြူ      ဇန်န၀ါရီ   
          မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မုန်းချောင်းအနီး မြေနုကိုင်းမြေများတွင် သင်္ဘောပင်များ စိုက်ပျိုးအောင်မြင်လျက်ရှိပြီး မိသားစုဝင်ငွေတိုးပွားရရှိလျက်ရှိသည်။

          သင်္ဘောစိုက်ပျိုးရာတွင် မျိုးစေ့များကို စိုက်ပျိုးရေး ဆေးဆိုင်များတွင် ထိုင်ဝမ်သင်္ဘောမျိုးစေ့ထုပ် များဖြင့်ဝယ်ယူ၍ မြေဆွေးများထည့်ထားသည့် ပလပ်စတစ်အိပ်ငယ်များတွင် ထည့်၍ ပျိုးထောင်ထားကြသည်။ သဘေ င်္ာစိုက်ပျိုးမည့် မြေနေရာကို နွားချေး၊မြေတွင်းပိုးသတ်ဆေးများထည့်၍ ထွန်းယက်ပေးပြီး (၁)ပေအမြင့် (၂)ပေအကျယ်ရှိ ဘောင်များကို (၁၂)ပေ ခြား၍ပြုလုပ်ပေးထားပြီး မြေဘောင်များအပေါ်တွင် (၆)လက်မအနက်ကျင်းငယ်များတူး၍ မြေဆွေးများထည့်ထားပြီး ရေသွင်းနှပ်ထားကြသည်။သင်္ဘောပျိုးပင် (၄၅)ရက်သားအရွယ်တွင် အသင့်ပြုလုပ်ထားသော မြေကျင်းငယ်များအတွင်း ပျိုးအိပ်ခွံများခွာ၍ စိုက်ပျိုးပေးပြီး ရေသွင်းပေးထားကြသည်။သင်္ဘောပျိုးပင်များ စိုက်ပျိုးပြီးချိန် တစ်ဘောင်နှင့်တစ်ဘောင်ကြား မြေလွတ်များတွင် ငရုပ်၊မုန်လာ၊ခါကြက်ဥ၊ချဉ်ပေါင်၊ကြက်ဟင်းခါး စသည့်သီးနှံပင်များကိုလည်း ထည့်သွင်းစိုက်ပျိုးကြ၍ သင်္ဘောပင် အပင်မကြီးထွားခင် အပိုဝင်ငွေရရှိသည်။ သင်္ဘောပင်များ(၄)လသားအရွယ်တွင် အဖူး၊အပွင့်နှင့် အသီးများစတင်ထွက်ပေါ်လာပြီး သီးပွင့်အားတိုးဆေးများ ပက်ဖြန်းပေးကြသည်။သင်္ဘောပင်သည် ရေ၀ပ်ခြင်း နှင့် အစိုဓါတ်များခြင်းကို မနှစ်သက်၍ တစ်လလျင်(၂)ကြိမ်ခန့်သာ ရေသွင်းပေးရပြီး အခြားသီးနှံပင်များကဲ့သို့ မြေသြဇာနှင့် ပိုးသတ်ဆေးများ ထပ်မံကျွေးရန် မလိုအပ်ဘဲ အလိုအလျောက်ကြီးထွားပြီး အသီး၊အပွင့်များ လှိုင်းလှိုင်းထွက်ပေါ်လာသည်။သင်္ဘောတစ်ပင်လျင် အသီး(၁၀၀)ကျော်သီး၍ (၃)နှစ်ခန့် ဆွတ်ယူ စားသုံးနိုင်သည်။သင်္ဘောသီးတစ်လုံးကို (၁၀၀)ကျပ်မှ (၂၀၀)ကျပ်ထိရောင်းချရပြီး အဆိုပါသင်္ဘောသီးများကို ပွင့်ဖြူမြို့နယ်မှတစ်ဆင့် မင်းဘူး၊မကွေး၊ရေနံချောင်း၊ချောက်၊မန္တလေး၊ရန်ကုန်မြို့များအထိ တင်ပို့ရောင်းချလျက် ရှိသည်။

          သင်္ဘောပင်(၂)နှစ်သားအရွယ်တွင် ဘောင်နှစ်ခုကြား မြောင်းများအတွင်း ငှက်ပျောပင်များစိုက်ပျိုးထား ပြီး သင်္ဘောပင်များ(၃)နှစ်သားတွင်ခုတ်လဲ၍ ငှက်ပျောပင်များအခြေတွင် မြေသြဇာအဖြစ် ချထားကြသည်။ သင်္ဘောစိုက်ခင်းမှတစ်ဆင့် ငှက်ပျောစိုက်ခင်းသို့ပြောင်းလဲ ၀င်ငွေဆက်လက်ရရှိကြသည်။

          သင်္ဘောသီးအမှည့်များကို ခွဲစိတ်၍လည်းကောင်း၊ဖျော်ရည်သောက်၍လည်းကောင်း၊သင်္ဘောသီးစိမ်း များကို အသုပ်မျိုးစုံလုပ်၍လည်းကောင်း၊ဟင်းရည်သောက်ချက်၍လည်းကောင်း ကြိုက်နှစ်သက်ရာ ပြုလုပ် စားသုံးကြ၍ သင်္ဘောသီးဈေးကွက်သည် ပုံမှန်ရောင်းအားကောင်းနေသဖြင့် သင်္ဘောပင်စိုက်ပျိုးထားခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားရရှိလျက်ရှိကြောင်းသိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment