မြန်မာ့ဓလေ့
ထုံးတမ်းဥပဒေဟူသည် မြန်မာလူမျိုးတို့၏ သမိုင်းတစ်လျှောက်တွင် အစွန့်ရှည်စွာ လက်ခံကျင့်သုံးခဲ့သော
ဓလေ့ထမ်းတမ်းများကို အခြေခံပြီး ပေါက်ဖွားလာသော လူမှုရေးဥပဒေ ဖြစ်သည်။ ဓလေ့ ထုံးတမ်းဥပဒေသည် လူအများက မိမိတို့ သဘောအလျှောက် လေးစားလိုက်နာကြ
သော စည်းကမ်းပင်ဖြစ်ပါသည်။
ဓလေ့ထုံးစံသည် လေးစားလိုက်နာသူများအတွက် ဥပဒေတစ်ရပ်ပင် ဖြစ်သည်။
ဓလေ့ထုံးတမ်းဥပဒေသည် ဥပဒေအမျိုးမျိုးရှိသည့်အနက် တစ်ခုအဖြစ် ပါဝင်သော ဥပဒေဖြစ်သည်။
ဥပဒေအမျိုးမျိုး
- ဥပဒေကို အောက်ပါအတိုင်း ခွဲခြားဖော်ပြနိုင်ပါသည်။ ယင်းဥပဒေများမှာ
၁။ အမိန့်နှင့်သတ်မှတ်သည့်
ဥပဒေ (IMPERATIVE LAW)
၂။ သိပ္ပံနည်းကျ
(သို့) ရုပ်ပိုင်းဆိုင်ရာ ဥပဒေ (SCIENTIFIC (OR) PHYSICAL LAW)
၃။ သဘာဝ (သို့)
ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေ (NATURAL LAW (OR) MORAL LAW)
၎။ သဘောတူညီမှုဆိုင်ရာ
ဥပဒေ (CONVENTIONAL LAW)
၅။ လက်တွေ့
(သို့) အတတ်ပညာဆိုင်ရာ ဥပဒေ (PRACTICAL (OR) TECHNICAL LAW)
၆။ အပြည်ပြည်ဆိုင်ရာ
ဥပဒေ (INTERNATIONAL LAW)
၇။ နိုင်ငံတွင်
ဥပဒေ (CIVIL LAW)
၈။ ဓလေ့ထုံးတမ်း
ဥပဒေ (CUSTOMARY LAW) တို့ဖြစ်သည်။
၁။ အမိန့်နှင့်သတ်မှတ်သည့် ဥပဒေ (IMPERATIVE
LAW)
အမိန့်နှင့်သတ်မှတ်သည့်
ဥပဒေ (IMPERATIVE LAW) ဆိုသည်မှာ အထက်အာဏာပိုင် အဖွဲ့အစည်းက လူအများလိုက်နာစေရန်အတွက်
သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်းတစ်ရပ်ပင် ဖြစ်သည်။
၂။ သိပ္ပံနည်းကျ (သို့) ရုပ်ပိုင်းဆိုင်ရာ ဥပဒေ
(SCIENTIFIC (OR) PHYSICAL LAW) သိပ္ပံနည်းကျဥပဒေများသည် သဘာဝ၏ ဖောက်ပြန်ခြင်း မရှိသည့်
တိကျမှန်ကန်သော အချင်းအရာများကို ပိုင်းခြားဖော်ပြချက်များပင် ဖြစ်ပါသည်။ ပုံစံအားဖြင့်
ဆွဲငင် နိယာမ ဒီရေအတက်အကျ ဆိုင်ရာ နိယာမ ဓါတ်စုပေါင်းမှုဆိုင်ရာ နိယာမ စသည်များဖြစ်ပါသည်။
၃။ သဘာဝ (သို့) ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေ
(NATURAL LAW (OR) MORAL LAW) သဘာဝ ဥပဒေ (သို့) ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေ ဆိုသည်မှာ
သဘာဝတရားမျှတမှု၏ သဘောတရားများဖြစ်ပါသည်။ သဘာဝဥပဒေကို ဗုဒ္ဓဘာသာ အယူအဆအရဆိုလျှင် နိယာမ
တရားဟုပင် ခေါ်ရပါမည်။ အနောက်တိုင်း အယူအဆကမူ အစစ အရာရာ ဘုရားသခင်က ဖန်တီးပေးခြင်း ဖြစ်၍
သဘာဝ ဥပဒေကို အမိန့်နှင့်သတ်မှတ်သည့် ဥပဒေ ထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။ ကိုယ်ချင်းတရားဆိုင်ရာဥပဒေသည်
ဆင်ခြင်နုံတရားမှ ပေါ်ပေါက်လာပြီး တရားပြည့်ဝ လူတို့လက်ခံကျင့်ကြံကြသည်ဟု ဆိုရပါမည်။
၎။ သဘောတူညီမှုဆိုင်ရာ ဥပဒေ (CONVENTIONAL LAW)
လူနှစ်ယောက်(သို့)
နှစ်ယောက်ထက်ပိုသော လူများက သဘောတူညီထားသော ဥပဒေတစ်ရပ် (သို့) စနစ်တကျပြုလုပ်ထားသော
နည်းဥပဒေများကို သဘောတူညီမှု ဆိုင်ရာ ဥပဒေဟု ခေါ်သည်။ ယင်းဥပဒေမျိုးကို အသင်းအဖွဲ့များတွင်လည်း
တွေ့နိုင်သည်။ ပုံစံအားဖြင့် ဘောလုံး၊ ဂေါက်သီး၊ ကြက်တောင်၊ တင်းနစ်၊ စစ်တုရင် ကစားနည်းများကို
ကစားကြသူ အပေါင်းက လိုက်နာကြရသည့် နည်းဥပဒေများသည် သဘောတူညီမှုဆိုင်ရာ ဥပဒေများဖြစ်ကြသည်။
၅။ လက်တွေ့ (သို့) အတတ်ပညာဆိုင်ရာ ဥပဒေ
(PRACTICAL (OR) TECHNICAL LAW)
ကဗျာလင်္ကာစပ်နည်း၊
အနုပညာ၊ တေးဂီတ၊ သဘင်ပညာ၊ ပန်းချီ၊ ပန်းပုပညာ စသည်ဖြင့် ပညာအသီးသီး သင်ကြားရာ၌ နည်းနာနိဿယများကို
ပညာရှင်များက ချမှတ်ထားကြပါသည်။ ထိုနည်းနာများကို အတတ်ပညာဆိုင်ရာ ဥပဒေများဟုခေါ်သည်။
အားကစားဥပဒေများတွင် စည်းကမ်းနှစ်မျိုး နှစ်စားရှိရာ ပထမ တစ်မျိုးမှာ သဘောတူညီမှုဆိုင်ရာ
ဥပဒေဖြစ်ပြီး ဒုတိယတစ်မျိုးမှာ လက်တွေ့(သို့) အတတ်ပညာဆိုင်ရာဥပဒေဖြစ်ပြီး ယှဉ်ပြိုင်မှုကို
အနိုင်ကစားနိုင်ရန် သတ်မှတ် ထားသည့် စည်းကမ်းများဖြစ်သည်။
၆။ အပြည်ပြည်ဆိုင်ရာ ဥပဒေ (INTERNATIONAL LAW)
အပြည်ပြည်ဆိုင်ရာဥပဒေသည်
နိုင်ငံအချင်းချင်း စောင့်စည်းအပ်သည့် တာဝန်ဝတ္တရားများကို နားလည်မှုအရ လည်းကောင်း၊ စာချုပ်များအရ
လည်းကောင်း၊ ရှေးအခါက လိုက်နာခဲ့ကြသော ဓလေ့ ထုံးတမ်းများအရလည်းကောင်း၊ လိုက်နာဆောင်ရွက်ကြရသည့်
စည်းကမ်းများကို စုပေါင်းထားသည့် ဥပဒေပင်ဖြစ်သည်။
၇။ နိုင်ငံတွင်း ဥပဒေ (CIVIL LAW)
နိုင်ငံတွင်း
ဥပဒေသည် နိုင်ငံတစ်နိုင်ငံအတွင်း လိုက်နာကျင့်သုံးရသည့် ဥပဒေ(သို့) တရားရုံးများတွင်
အသုံးပြုသည့် ဥပဒေပင်ဖြစ်သည်။
၈။ ဓလေ့ထုံးတမ်း ဥပဒေ (CUSTOMARY LAW)
ဓလေ့ထုံးတမ်းဥပဒေဆိုသည်မှာ
ရှေးအခါကပင် လူအများလိုက်နာကျင့်သုံးခဲ့ကြသော ဓလေ့ထုံးတမ်း များ အပေါ်တွင် အခြေပြုထားသည့်
ဥပဒေဖြစ်သည်။ ပုံစံအားဖြင့် မြန်မာ့ထုံးတမ်းဓလေ့ဥပဒေ မိုဟာမေဒင် ဥပဒေနှင့် ဟိန္ဒူဥပဒေ
စသော ဥပဒေများသည် လူမျိုးတစ်မျိုး၏ ဓလေ့ထုံးစံများအပေါ်တွင် မှီ၍ အများက လေးစားသော ဓလေ့ထုံးတမ်း
ဥပဒေများဖြစ်သည်။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကပြောသော ထိမ်းမြားလက်ထပ်ခြင်း
ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာတို့အရ ထိမ်းမြားလက်ထပ်ရေးမှာ ဘာသာရေး အခမ်းအနား တစ်ရပ်ပင်ဖြစ်သည်။
မြန်မာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ထိမ်းမြားလက်ထပ်ရေးသည် ဘာသာရေးနှင့် လုံးဝ မစပ်လျဉ်းသည့်
လောကီရေး သပ်သပ်ဖြစ်သည်ဟု လက်ခံလိုက်နာကြပါသည်။
ဗုဒ္ဓဘာသာတရားတော်မှာ ကာမဂုဏ်မှ လွတ်မြောက်ရေးကို
ရှာကြံကြိုးပမ်းသည့်တရားတော်ဖြစ်သည်။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ တရားဝင်ထိမ်းမြားမှု
မြောက်ရန်အတွက် ဓလေ့ထုံးတမ်းများ၊ စီရင်ထုံးများ၏ လမ်းညွှန်ချက်များကို လိုက်နာကြသည်။
တရားဝင်ထိမ်းမြားမှု မြောက်ရန် လိုအပ်သောအချက်များမှာ
၁။ ယောက်ျားသည်
အိမ်ထောင်ပြုရန်အတွက် ကျန်းမာသန်စွမ်းရမည်။
၂။ မိန်းမသည်
မုဆိုးမ (သို့) တစ်ခုလပ် တစ်လင်ကွာ မဟုတ်လျှင် အသက် ၂၀ ပြည့်ရမည်။ အသက်၂၀ မပြည့်သေးလျှင်
မိဘ (သို့) အုပ်ထိန်းသူ၏ သဘောတူညီချက် ရရှိရမည်။
၃။ အကြင်လင်မယားအဖြစ်
အိမ်ထောင်ပြုရန် ရည်ရွယ်၍ နှစ်ဦးသဘောတူညီချက် ဆန္ဒကို လွတ်လပ်စွာပေးရမည်။
၎။ နှစ်ဦးစလုံးသည်
စိတ်ပေါသွပ်သူများ မဖြစ်စေရ။
၅။ မိန်းမမှာ
မပြတ်ဆဲသော တရားဝင်လင်ယောက်ျားမရှိစေရ။
၆။ အထင်အရှား
ထိမ်းမြားလက်ထပ်မှု တစ်စုံတစ်ခု မပြုလုပ်ခဲ့ပါက လင်မယားအဖြစ် လူသိရှင်ကြား ပေါင်းသင်နေထိုင်မှု
ရှိရမည် ဟု မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် ပါရှိသည်။ ထပ်မံတင်ပြရသော် ထိမ်းမြားလက်ထပ်ရာတွင်
ယောက်ျား၏အသက်ကို ကန့်သတ်မထားပါ။ ကျန်းမာသန်စွမ်းမှုသည် အဓိကဖြစ်ကြောင်း တွေ့ရသည်။ မိန်းမသည်
မုဆိုးမ၊ တစ်ခုလပ်၊ တစ်လင်ကွာဖြစ်ပါက အသက် (၂၀)ပြည့်ရန် မလိုပါ။ သို့မဟုတ်ပါက အသက်
(၂၀)ပြည့်ရပါမည်။ အသက်(၂၀)မပြည့်ပါက မိဘ (သို့) အုပ်ထိန်းသူ၏ သဘောတူညီချက် ရှိရပါမည်။
မိန်းမ၏ အသက်နှင့်ပတ်သက်၍ ထိမ်းမြားလက်ထပ်ရာတွင် အထက်ပါအတိုင်း မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေတွင်
ပါရှိသည်ကို တွေ့ကြရမည်။ ဆက်လက်၍ ပြစ်မှုဆိုင်ရာ ဥပဒေတွင် မိန်းမများ၏ အသက်နှင့်ပတ်သက်၍
ပြဋ္ဌါန်းချက်အချို့ကို ဆက်လက်တင်ပြရလျှင်
၁။ အသက်
(၁၄)နှစ်အောက် အရွယ်ရှိသော မိန်းမကို အဆိုပါ မိန်းမက ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ
ထိုမိန်းမနှင့် ကာမစပ်ယှက်လျှင် ထိုသူသည် မုဒိန်းမှုကျူးလွန်ရာ ရောက်သည်ဟု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
၃၇၅ တွင် ပြဋ္ဌါန်းထားပါသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၅ကို ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၇၆ အရ အပြစ်ပေးရပါသည်။
၂။ အသက်
(၁၆)နှစ်အောက် မိန်းမကို အုပ်ထိန်းသူ သဘောတူညီချက် မရှိဘဲ ခိုးယူခဲ့လျှင် ထိုသူသည်
အရွယ်မရောက်သေးသူကို ခိုးမှုကျူးလွန်ရာရောက်သည်ဟု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၁ တွင်
ပြဋ္ဌါန်းထားပါသည်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ သည် အရွယ် မရောက်သေးသူကို ခိုးမှု ကျူးလွန်ပါက
အပြစ်ပေးသော ပုဒ်မ ဖြစ်သည်။ (မှတ်ချက်။ ။
အရွယ်မရောက်သေးသူဆိုသည်မှာ ယောက်ျားဖြစ်က အသက် (၁၄)နှစ်အောက် မိန်းမဖြစ်က အသက် (၁၆)နှစ်အောက်ဖြစ်ကြောင်း
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၁ တွင် ပြဋ္ဌါန်းထားကြောင်း သိရသည်။)
ဟင်္သာ(တောင်တွင်းကြီး)
ဖုန်း - 09440223276
မှတ်ချက်။ ။ ကျမ်းကိုးစာရင်း
၁။
ဦးတင်အုန်း၏ ဥပဒေသိပ္ပံပညာ
၂။ ဦးမြစိန် ၏ မြန်မာဓလေ့ထုံးတမ်းဥပဒေ
၃။ ရာဇသတ်ကြီး တို့မှဖြစ်ပါသည်။